တစ်နိုင်ငံလုံးအနှံ့ စစ်ဆင်ရေးဆင်နွှဲသွားမည်ဟု မဟာမိတ်သုံးဖွဲ့ထုတ်ပြန် 

၁၀၂၇ စစ်ဆင်ရေးကြောင့် တိုင်းပြည်ပြိုကွဲသွားနိုင်သဖြင့် နယ်မြေတည်ငြိမ်ရန် လိုအပ်သည့်တုန့်ပြန်မှုများ လုပ်ဆောင်သွားမည်ဟု စစ်ကောင်စီဘက်က ပြောဆိုထားသော်လည်း စစ်ဆင်ရေးအောင်မြင်ခဲ့လျှင် စစ်အာဏာစနစ် ပပျောက်သွားမည်ဟု ပြည်သူများက ယုံကြည်နေကြသည်။ 

By Admin 09 Nov 2023

ဓာတ်ပုံ - Operation 1027 - 3BHA/ facebook page
ဓာတ်ပုံ - Operation 1027 - 3BHA/ facebook page

DMG ၊ နိုဝင်ဘာ ၉ 

၁၀၂၇ စစ်ဆင်ရေးကို မကြာမီကာလတွင် တော်လှန်ရေးအင်အားစု အဖွဲ့များနှင့်ပူးပေါင်း၍ တစ်နိုင်ငံလုံးအနှံ့ ဆင်နွှဲသွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က နိုဝင်ဘာလ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။  

နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာပြီး ၁၀၂၇ စစ်ဆင်ရေးကို ဝန်းရံပေးကြသော တော်လှန်ရေးအဖွဲ့များ၊ စစ်ဆင်ရေးနှင့်ဟန်ချက်ညီ လှုပ်ရှားလာကြသော အဖွဲ့အစည်းများနှင့် ပူးပေါင်း၍လည်း ပိုမိုထိရောက်အောင် ဆောင်ရွက်နေကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ဆိုသည်။  

ညီနောင်မဟာမိတ်သုံးဖွဲ့အနေဖြင့် တစ်နိုင်ငံလုံးအနှံ့ စစ်ဆင်ရေးဆင်နွှဲလျှင် တိုက်ပွဲနယ်မြေ ကျယ်ပြန့်လာမည်ဖြစ်၍ စစ်ကောင်စီအနေဖြင့် နယ်မြေထိန်းချုပ်ရန် တပ်အင်အားအခက်အခဲရှိနိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်နေကြသည်။ 

“စစ်အာဏာရှင်ကျဆင်းရေးကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့က တိုင်းရင်းသားလက်နက်ကိုင်တွေလည်း တစ်ဆင့်ချင်း ပူးပေါင်းမြှင့်တင်မှ ပိုမိုကောင်းမွန်လာမယ်” ဟု နိုင်ငံရေးသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။  

၁၀၂၇ စစ်ဆင်ရေးကြောင့် တိုင်းပြည်ပြိုကွဲသွားနိုင်သဖြင့် နယ်မြေတည်ငြိမ်ရန် လိုအပ်သည့်တုန့်ပြန်မှုများ လုပ်ဆောင်သွားမည်ဟု စစ်ကောင်စီဘက်က ပြောဆိုထားသည်။ 

သို့သော်လည်း စစ်ဆင်ရေးနယ်မြေ ကျယ်ပြန့်လာသည်နှင့်အမျှ ဒေသအသီးသီးက တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းလှုပ်ရှားပြီး စနစ်တကျ နယ်မြေထိန်းချုပ်နိုင်လျှင် တစ်နိုင်ငံလုံးအထိ  သိမ်းပိုက်နိုင်ကြောင်းနှင့် စစ်ဆင်ရေးအောင်မြင်ခဲ့လျှင် စစ်အာဏာစနစ် ပပျောက်သွားမည်ဟု ပြည်သူများက ယုံကြည်နေကြသည်။ 

“တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သိမ်းပိုက်လုပ်ဆောင်လာမယ် ဆိုရင်တော့ အကြမ်းဖက်စစ်အုပ်စု ပြိုလဲသွားပြီ အပြစ်မဲ့ ပြည်သူတွေဟာလည်း ကိုယ့်ဒေသကို ကိုယ်ပြန်နိုင်မယ်။ အေးချမ်းစွာ နေထိုင်နိုင်မယ်” ဟု  မြန်မာ့အမျိုးသမီးသမဂ္ဂ တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ဒေါ်ဝေဝေက ပြောသည်။  

ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့ကစတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေး ၁၃ ရက်တာကာလအတွင်း စစ်ကောင်စီတပ်စခန်း ၁၅၀ ခန့်နှင့် မြို့ ၆ ခုအထိ သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဟု ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားသည်။  

“သိမ်းပိုက်ရရှိခဲ့ပြီးသော မြို့များကိုလည်း မိမိတို့အနေဖြင့် အလုံးစုံ ဆက်လက်ထိန်းချုပ်ထားနိုင်ပြီး မိမိတို့အုပ်ချုပ်ရေးဖြင့် အပြီးသတ် အစားထိုးနိုင်ရန် ကြိုးစားလျက် ရှိသည်” ဟု ညီနောင်သုံးဖွဲ့က ဆိုသည်။  

#D003 #DMG