- စစ်တွေမြို့တွင် ခရစ္စမတ်ပွဲကျင်းပခွင့် စစ်ကောင်စီ တားမြစ်
- တိုက်စွမ်းအားပြည့်ဝသည့် စစ်ရေယာဉ်ကြီးများ တည်ဆောက်သွားမည်ဟု စစ်ခေါင်းဆောင်ပြော
- ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း မီလောင်မှု လူ ၂ ဦးသေဆုံး၊ ၁၉ ဦး ဒဏ်ရာရ
- မြဝတီရွှေကုက္ကိုတွင် ကာလဝမ်းရောဂါ ဖြစ်ပွားနေသည့်အတွက် ထိုင်းဘက်က ကြိုတင်ပြင်ဆင်
- လက်နက်ကြီး အန္တရာယ်ကြောင့် စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်ကျေးရွာများ တိမ်းရှောင်
မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသူများ ဘဝရပ်တည်ရေး ခက်ခဲနေ
ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားစဉ်အတွင်း မိုင်းနှင့် စစ်ကျန်လက်နက်ကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားခဲ့ရသူများမှာ ဘဝရပ်တည်ရေး အခက်အခဲရှိနေကြောင်း သိရသည်။
17 Oct 2023
DMG ၊ အောက်တိုဘာ ၁၇
ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားစဉ်အတွင်း မိုင်းနှင့် စစ်ကျန်လက်နက်ကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားခဲ့ရသူများမှာ ဘဝရပ်တည်ရေး အခက်အခဲရှိနေကြောင်း သိရသည်။
မိုင်းနင်းမိ၍ ညာဖက်ခြေထောက်ဆုံးရှုံးလိုက်ရသည့် ကျောက်တော်မြို့နယ်၊ ကွမ်းအုံစုကျေးရွာမှ ဦးဘရွှေ၏ မိသားစုမှာ လက်ရှိတွင် စားဝတ်နေရေးအခက်အခဲနှင့် ကြုံတွေ့နေကြောင်း ပြောသည်။
“ကျနော်မှာ ခြေထောက်လည်း သိပ်မကောင်းသေးတဲ့အတွက် အလုပ်လည်းမလုပ်နိုင်ဘူး။ မိန်းမနဲ့သား တစ် ယောက် လုပ်တာကိုပဲ ထိုင်စားနေရတယ်။ သူတို့နှစ်ယောက်လုပ်အားခနဲ့ စားဝတ်နေရေးက အဆင်မပြေဘူး။ စားဝတ်နေရေးတွေ အခက်အခဲရှိတယ်။ ကလေးတွေကလည်း အရွယ်မရောက်သေးဘူး” ဟု ဆိုသည်။
ဦးဘရွှေမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း ကျေးရွာအနီးတွင် နွားရှာရန်သွားစဉ် မိုင်းနင်းမိပြီး ညာဖက်ခြေထောက် ဆုံးရှုံးခဲ့သည်။
ယင်းအပြင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လအတွင်းက ကျေးရွာအနီးတွင် မိုင်းနင်းမိ၍ ပေါက်ကွဲမှုကြောင့် ဘယ်ခြေ ထောက် ဆုံးရှုံးလိုက်ရသည့် ရသေ့တောင်မြို့နယ်၊ မညှင်းတောင်ကျေးရွာမှ ဦးကျော်အေးသိန်းမှာ လည်း လက်ရှိ စားဝတ်နေရေး အခက်အခဲကြုံတွေ့နေရသည်ဟု ပြောသည်။
“ခြေထောက်ပြတ်တောက်ကတည်းက အလုပ်လည်းမလုပ်နိုင်ဘူး။ ကျနော်တို့မှာ စားဝတ်နေရေးတွေအခက်အခဲ ရှိပါတယ်။ နောက်ထပ်လူတွေကိုလည်း ကျနော်လို့ မဖြစ်စေချင်ဘူး။ မိုင်းနဲ့ စစ်ကျန်လက်နက်တွေ သက်ဆိုင်ရာတွေအနေနဲ့ ရှင်းပေးစေချင်တယ်” ဟု ဆိုသည်။
လက်ရှိတွင် ၎င်းတို့မှာ ကူညီထောက်ပံ့မှုများတစ်စုံတစ်ရာမရှိသည့်အတွက် ကိုယ့်လက်အင်္ဂါ ဆုံးရှုံးသွားသူများကို တာဝန်ရှိသူများမှ တတ်စွမ်းသမျှ တာဝန်ယူကူညီပေးစေလိုကြောင်း တောင်းဆိုကြသည်။
အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဓလေ့ထုံးတမ်းဥပဒေတွင် လက်နက်ကိုင်တပ်ဖွဲ့များသည် တိုက်ပွဲပြီးဆုံးသည့်အခါတွင် မြေမြှုပ်မိုင်းများကို အသုံးပြုသည့် လက်နက်ကိုင်ပဋိပက္ခတွင်ပါဝင်နေသော အဖွဲ့သည် ယင်းမြေမြှုပ်မိုင်းများကို ရှင်းလင်းဖယ်ရှားပစ်ရမည် သို့မဟုတ် အရပ်သားများအား ထိခိုက်မှုမရှိစေရေးအတွက် အခြားနည်းလမ်းများဖြင့် ဆောင်ရွက်ရမည်ဟု ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ သဘောတူစာတမ်းတွင် ဖော်ပြထားသည်။
လက်ရှိ ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲရပ်တန့်နေသည်မှာ ၁ နှစ်ခန့် ကြာမြင့်လာသော်လည်း မိုင်းနှင့် စစ်ကျန်လက်နက်များကို လက်နက်ကိုင်တပ်များက ထိရောက်သော မိုင်းရှင်းလင်းခြင်းများ မရှိသေးပေ။
ကမ္ဘာပေါ်တွင် “မိုင်းအသုံးပြုမှုတားဆီးရေး နိုင်ငံတကာသဘောတူညီချက်ကို နိုင်ငံပေါင်း ၁၆၀ ကျော် လက်မှတ်ရေးထိုးထားပြီး၊ အမေရိကန်၊ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ အီရန်၊ အစ္စရေးလ်၊ မြောက်ကိုရီးယား၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့ လက်မှတ်မထိုးထားသေးပေ။
DMG မှ ကောက်ယူထားသည့်စာရင်းအရ ရခိုင်တွင် တကျော့ပြန်တိုက်ပွဲရပ်တန့်ခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့အထိ မိုင်းနှင့် စစ်ကျန်လက်နက် ပေါက်ကွဲမှုများကြောင့် သေဆုံးသူ ၆ ဦးနှင့် ဒဏ်ရာရရှိသူ ၁၂ ဦးအထိ ရှိခဲ့သည်။
ယင်းအပြင် DMG ၏ မှတ်တမ်းနှင့် သုတေသနဌာနမှ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ ရခိုင်ပြည်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် မြေမြုပ်မိုင်းနှင့် စစ်လက်နက်ပစ္စည်းများကြောင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် တစ်နှစ်တာအတွင်း သေဆုံးသူ ၆၄ ဦးနှင့် ဒဏ်ရာရရှိသူ ၁၆၂ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။