မြောက်ကိုရီးယား ခြိမ်းခြောက်မှုကို တုံ့ပြန်ရန်ရည်ရွယ်သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှု အမေရိကန်နှင့် တောင်ကိုရီးယားတို့ ပြုလုပ်

တောင်ကိုရီးယားနှင့် အမေရိကန် ဂျက်တိုက်လေယာဉ်ပေါင်း ၂၀၀ ကျော်ပါဝင်ပြီး ငါးရက်တိုင်တိုင် နေ့ညမပြတ် ပျံသန်းလေ့ကျင့်မည့် ပူးတွဲစစ်ရေး လေ့ကျင့်မှုတစ်ရပ်ကို ယခုသီတင်းပတ်အတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း တောင်ကိုရီးယား စစ်ဘက်က ယနေ့ ပြောကြားလိုက်သည်။

By Admin 20 Aug 2024

တောင်ကိုရီးယားနယ်စပ်ရှိ စစ်စခန်းများတွင် နေရာချထားမည့် မြောက်ကိုရီးယား ဒုံးပစ်စင် ၂၅၀ အား ၂၀၂၄ ခုနှစ် သြဂုတ်လ ၄ ရက်နေ့က ပြုံယမ်းတွင် ခင်းကျင်းပြသထားသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KCNA
တောင်ကိုရီးယားနယ်စပ်ရှိ စစ်စခန်းများတွင် နေရာချထားမည့် မြောက်ကိုရီးယား ဒုံးပစ်စင် ၂၅၀ အား ၂၀၂၄ ခုနှစ် သြဂုတ်လ ၄ ရက်နေ့က ပြုံယမ်းတွင် ခင်းကျင်းပြသထားသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KCNA

တောင်ကိုရီးယားနှင့် အမေရိကန် ဂျက်တိုက်လေယာဉ်ပေါင်း ၂၀၀ ကျော်ပါဝင်ပြီး ငါးရက်တိုင်တိုင် နေ့ညမပြတ် ပျံသန်းလေ့ကျင့်မည့် ပူးတွဲစစ်ရေး လေ့ကျင့်မှုတစ်ရပ်ကို ယခုသီတင်းပတ်အတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း တောင်ကိုရီးယား စစ်ဘက်က ယနေ့ (သြဂုတ် ၂၀) ပြောကြားလိုက်သည်။

“အူချီ လွတ်လပ်ရေးဒိုင်းကာ လေ့ကျင့်မှုများ” ၏ နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှု အစိတ်အပိုင်းတစ်ရပ်အဖြစ် ယခုလေ့ကျင့်မှုများကို ပြုလုပ်သွားမည် ဖြစ်သလို မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများကို တွန်းလှန်ရန်အတွက် တောင်ကိုရီးယားနှင့် အမေရိကန်တို့ စစ်ရေးအရ အသင့်ရှိနေရေး အားဖြည့်လေ့ကျင့်ခြင်းဟု စစ်ဘက်က ထုတ်ပြန်သည်။

အဆိုပါ ပူးတွဲလေ့ကျင့်မှု၌ ကာကွယ်ရေးအတွက် ကင်းလှည့်လေယာဉ်များအား တိုက်ပွဲပုံစံ နမူနာလေ့ကျင့်မှု၌ လေကြောင်း တိုက်ခိုက်ရေး ပုံစံများအဖြစ် ပြောင်းလဲ လေ့ကျင့်သွားမည် ဖြစ်သလို ရန်သူ၏ လေကြောင်း အတားအဆီးများနှင့် ဒုံးကျည်ကာကွယ်ရေး စနစ်များကို တိုက်ခိုက်ချေမှုန်းမည့် လေ့ကျင့်ခန်းများ ပါဝင်သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

ယခုလေ့ကျင့်မှု၌ တောင်ကိုရီးယားရှိ အမေရိကန် လေတပ်စခန်းနှစ်ခုမှ တိုက်လေယာဉ်များ ပါဝင်မည်ဖြစ်သည်။ အမေရိကန်သည် တောင်ကိုရီးယားတွင် တပ်အင်အား ၂၈၅၀၀ နေရာချထားသည်။

အူချီ စစ်ရေးလေ့ကျင့်မှုကို သြဂုတ်လ ၁၉ ရက်နေ့တွင် စတင်ခဲ့ပြီး ၂၉ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်သည်။ အူချီလေ့ကျင့်မှုကို မြောက်ကိုရီးယားဘက်က ရှုတ်ချထားသလို နျူကလီးယားစစ်ပွဲအတွက် လေ့ကျင့်မှုများဟုလည်း ခေါ်ဆိုသုံးနှုန်းထားသည်။

မြောက်ကိုရီးယားသည် ၎င်း၏ လေတပ်အင်အားကို ခေတ်မီအောင် ပြုပြင်တိုးချဲ့ရန် ကြိုးပမ်းနေသော်လည်း စိန်ခေါ်မှုများ ကြုံနေရဆဲ ဖြစ်သည်။ မြောက်ကိုရီးယား စစ်တပ်က လက်ရှိအသုံးပြုနေသည့် တိုက်ပွဲဝင် ယာဉ်များမှာ သက်တမ်းကြာမြင့်နေပြီဖြစ်ကာ အချို့ဆိုလျှင် ၁၉၅၀ ဝန်းကျင်နှစ်များက စတင်အသုံးပြုခဲ့ကြသည့် ဆိုဗီယက်ထုတ် MiG တိုက်လေယာဉ်များ ဖြစ်သည်။

အခြားတဘက်တွင်လည်း ပြုံယမ်းသည် နည်းဗျူဟာမြောက် တိုက်ခိုက်ရေးစွမ်းရည်များကို အရှိန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ ပြုံယမ်း၏ တာဝေးပစ်ဒုံးကျည်များနှင့် နျူကလီးယား အစီအစဉ်များသည် မြန်မြန်ဆန်ဆန်ပင် တိုးတက်လာနေသလို မြောက်ကိုရီးယားကို တိုက်ခိုက်ရန် ရည်ရွယ်သည့် တာတိုဒုံးကျည်များနှင့် လက်နက်ကြီးများကိုလည်း ပိုမိုကောင်းမွန်ကောင် ကြိုးပမ်းလျက်ရှိသည်။