ဥရောပနိုင်ငံများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ဆက်ဆံရေးအခြေအနေ (၁)

အစောပိုင်းရက်များတွင် ဒေါက်တာ ဇော်ဝေစိုးသည် လန်ဒန်မြို့သို့သွားရောက်ခဲ့ပြီး ဗြိတိန်၏ အာရှနှင့် အရှေ့ အလယ်ပိုင်းဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီး အမန်ဒါမိုင်းလင်းနှင့် တွေ့ဆုံခဲ့သည်။ ထို့နောက်မှာတော့ အမန်ဒါ မိုင်းလင်း က “ NUG နှင့် မြန်မာနိုင်ငံဒီမိုကရေစီနိုင်ငံပြန်ဖြစ်လာရန် တောင်းဆိုနေကြသူများ အားလုံးကို ထောက်ခံကြောင်း” တွစ်တာတွင် ရေးသားခဲ့လေသည်။

By ကြည်ဖြူစံ 01 Aug 2022

ဓာတ်ပုံ - တွစ်တာ

DMG ၊ ဩဂုတ် ၁

မြန်မာနိုင်ငံ အကျပ်အတည်းတွင် ပိုမိုပါဝင်ဆောင်ရွက်ရန် ဥရောပအစိုးရများ ဖိအားပေးခံနေရပြီး အာဏာသိမ်းယူထားသော စစ်ကောင်စီကို ဆန့်ကျင်နေသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ယခုထက်ပိုအသိအမှတ် ပြုပေးရန် တောင်းဆိုမှုများလည်း ရှိနေသည်။

ပြီးခဲ့သော သီတင်းပတ်များအတွင်း စစ်ကောင်စီဆန့်ကျင်ရေး အမျိုးသားညီညွတ်ရေးအစိုးရ၏ အဖွဲ့ဝင်အများအပြား ဘရပ်ဆဲလ်နှင့် ဥရောပမြို့တော်များသို့ သွားရောက်လည်ပတ်ခဲ့ကြပြီး ဥရောပအစိုးရများ ကလည်း NUG သည် ဒီမိုကရက်တစ်မြန်မာပြည်သူများ၏အသံ ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ရုရှားကျူးကျော်မှုကို တိုက်ထုတ်နေသော ယူကရိန်းနိုင်ငံကို အနောက်နိုင်ငံများက ငွေကြေးနှင့် စစ်ရေးအကူအညီများ ထောက်ပံ့ကူညီနေသည့်နည်းတူ အာဏာသိမ်းစစ်ကောင်စီကို တိုက်ခိုက်နေကြသော ခုခံကာကွယ်ရေးတပ်ဖွဲ့ များကိုလည်း လက်နက်အကူအညီများပေးဖို့ အနောက်ဒီမိုကရေစီနိုင်ငံများကို NUG အစိုးရအဖွဲ့ဝင်များက တောင်းဆိုထားသည်။

ပြီးခဲ့သော မေလနှောင်းပိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး သည် The European External Action Services မှ တာဝန်ရှိသူများနှင့် တွေ့ဆုံရန် ဘရပ်ဆဲလ်သို့ သွားရောက်ခဲ့သည့် အပြင် ဥရောပပါလီမန်မှ အကြီးတန်းနိုင်ငံရေးသမားများနှင့်လည်း တွေ့ဆုံခဲ့သည်။

အစောပိုင်းရက်များတွင် ဒေါက်တာ ဇော်ဝေစိုးသည် လန်ဒန်မြို့သို့သွားရောက်ခဲ့ပြီး ဗြိတိန်၏ အာရှနှင့် အရှေ့ အလယ်ပိုင်းဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီး အမန်ဒါမိုင်းလင်းနှင့် တွေ့ဆုံခဲ့သည်။ ထို့နောက်မှာတော့ အမန်ဒါ မိုင်းလင်း က “ NUG နှင့် မြန်မာနိုင်ငံဒီမိုကရေစီနိုင်ငံပြန်ဖြစ်လာရန် တောင်းဆိုနေကြသူများ အားလုံးကို ထောက်ခံကြောင်း” တွစ်တာတွင် ရေးသားခဲ့လေသည်။

ဇွန်လမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ၏ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း သည်လည်း ချက်သမ္မတနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Jiri Kozak နှင့်တွေ့ဆုံခဲ့သည်။ ချက်သမ္မတနိုင်ငံသည် ဥရောပသမဂ္ဂ၏ အလှည့်ကျဥက္ကဌရာထူးကို ဇူလိုင်လ၌ ဆက်ခံခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်ပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေစဉ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာစစ်တပ်က သွေးထွက်သံယို အာဏာသိမ်းယူခဲ့သည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအမှတ်သင်္ကေတ တစ်ခုဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၆ ခုနှစ် မှ ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံကောင်စီတာဝန် ထမ်းဆောင်ခဲ့ပြီး လက်ရှိအချိန်မှာတော့ အာဏာသိမ်းစစ်တပ်၏ လုပ်ကြံစွပ်စွဲထားသောစွပ်စွဲချက်များဖြင့် ထောင်ဒဏ်နှစ်ရှည် ကျခံနေရသည်။

မြန်မာနိုင်ငံ၏ အစိတ်အပိုင်းအချို့ကို စစ်ကောင်စီဆန့်ကျင်ရေးတပ်ဖွဲ့များ သို့မဟုတ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက ထိန်းချုပ်ထားချိန်တွင် အာဏာသိမ်းစစ်တပ်ကတော့ ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများဖြင့် တိုက်ပွဲများ တိုက်ခိုက်နေလေသည်။ ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံစီးပွားရေး ၁၈ ရာခိုင်နှုန်း ကျုံ့သွားခဲ့သည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပြီး ယခုနှစ်တွင်လည်း ဆက်လက်ရုန်းကန်ရဦးမည် ဖြစ်သည်။

စစ်တပ်၏ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် အရပ်သား ၂၀၀၀ ကျော် သေဆုံးခဲ့ရပြီး ၁၄၀၀၀ ဝန်းကျင် ဖမ်းဆီးခံထားရသည်ဟု ဒေသတွင်းလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့များက ခန့်မှန်းထားသည်။ ယခုလဇူလိုင်မှာတော့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၄ ဦးကို အကြမ်းဖက်စစ်တပ်က ကွပ်မျက်ခဲ့သည်။

ပိတ်ဆို့အရေးယူမှုများကို ဂရုမစိုက်သော စစ်အာဏာရှင်များ

စစ်အာဏာရှင်များ၏ အသက်ကိုဆက်ပေးနေသော ဝင်ငွေရလမ်းဖြစ်သည့် ဓာတ်ငွေ့ကဏ္ဍ အပါအဝင် အာဏာသိမ်း စစ်ကောင်စီအဖွဲ့ဝင်များ၊ စစ်တပ်နှင့်ဆက်နွယ်နေသော ကုမ္ပဏီများအပေါ် ဥရောပသမဂ္ဂမှ ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားသည်။ ပြီးခဲ့သောဖေဖော်ဝါရီလတွင် ယူကေက ၎င်း၏နောက်ဆုံးအကြိမ် ပိတ်ဆို့အရေးယူမှုများကို ချမှတ်ခဲ့ပြီးဖြစ်သည်။

“ယူကေက လွတ်လပ်မှု၊ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးမှုတွေကို အမြဲအကာအကွယ်ပေးသွားမှာပါ။ စိတ်တူကိုယ်တူရှိတဲ့ နိုင်ငံတွေနဲ့လက်တွဲပြီး စစ်တပ်ရဲ့ ဒီလိုဖိနှိပ်ရက်စက်တဲ့ အုပ်ချုပ်ရေးကို မှတ်တမ်းတင်သွားပါမယ်” ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Liz Truss က ပြောကြားခဲ့သည်။

သို့သော်လည်း မြန်မာနိုင်ငံအကျပ်အတည်းက လျော့ပါးသွားမည့်အရိပ်အယောင် မမြင်ရသည့်အတွက် ဒဏ်ခတ်ပိတ် ဆို့မှုများကို အခုထက်ပိုပြီးဆောင်ရွက်ဖို့ ဥရောပအစိုးရကို တောင်းဆိုနေခြင်းများလည်း ရှိနေသည်။

“အာဏာသိမ်းဖို့ ကြိုးစားမှုတွေစတင်ချိန်တုန်းက ကျွန်တော်တို့ကြားနေခဲ့ရတဲ့ ယူဆချက်နှစ်မျိုးရှိခဲ့ပါတယ်” ဟု Burma Campaign ဒါရိုက်တာ မတ်ခ် ဖာရ်မန်နာ ကပြောသည်။

“ပထမတစ်ခုက စစ်တပ်ဟာ ဆန္ဒပြပွဲတွေကို အမြန်ဆုံးချေမှုန်းပစ်ပြီး စစ်အစိုးရနောက်ပိုင်း နိုင်ငံရေးအပြောင်း အလဲကာလ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ သမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးသိန်းစိန် လက်ထက် စီးပွားရေးမူဝါဒ နဲ့ အခြားမူဝါဒတွေ ပြန်ပြီးချမှတ်မယ်ဆိုတဲ့ ယူဆချက်ပါ”
နောက်ယူဆချက်တစ်ခုမှာ ၂၀၁၀ ခုနှစ်မတိုင်ခင် ဦးသန်းရွှေလက်ထက်သို့ ပြန်လည်ရောက်ရှိသွားခြင်း နှင့် ၂၀၂၁ ခုနှစ်အကုန်တွင် စစ်တပ်၏ နိုင်ငံရေးတရားဝင်မှုပြဿနာ အဆုံးသတ်သွားမည် ဖြစ်သည်။

“လက်ရှိအချိန်မှာ မြန်မာစစ်တပ်ရင်ဆိုင်နေရတဲ့ တော်လှန်ရေးသမားတွေရဲ့ခုခံမှုနဲ့ အသုံးပြုနေတဲ့ ရက်စက်ကြမ်းတမ်းတဲ့ နည်းဗျူဟာတွေကြောင့် အဲဒီမှန်းဆချက်နှစ်ခုစလုံး မှားယွင်းကြောင်း သက်သေပြနိုင်ခဲ့တယ်”ဟု Farmaner ကပြောသည်။

ပြီးခဲ့သောအောက်တိုဘာမှာတော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် (မြန်မာပြည်သူများ၏ ဒီမိုကရေစီဆန္ဒကို တရားဝင်ကိုယ်စားပြုသည်ဟု မိမိကိုယ်တိုင်က သတ်မှတ်ထားသော) NUG ကို ဥရောပပါလီမန်က သဘောတူလက်ခံခဲ့သည်။

၎င်းတို့ကလည်း “မြန်မာနိုင်ငံအကျပ်အတည်းကို ငြိမ်းချမ်းစွာဖြေရှင်းရန် ရည်ရွယ်သော အားလုံးပါဝင်နိုင်သည့် စစ်မှန်သောနိုင်ငံရေးဆွေးနွေးပွဲများတွင် သူတို့လည်းပါဝင်နိုင်ရမည်” ဟု အာဆီယံနှင့် အခြားနိုင်ငံခြားအစိုးရများကို တောင်းဆိုထားသည်။

NUG ၏ ကိုယ်စားပြုမှု

ဥရောပပါလီမန်သည် NUG နှင့် CRPH ကို တရားဝင်အသိအမှတ်ပြုသည့် ပထမဆုံးသော နိုင်ငံခြားဥပဒေပြုအဖွဲ့ ဖြစ်လာခဲ့သည်။ ပြီးခဲ့သော အောက်တိုဘာလတွင် ပြင်သစ်ဆီးနိတ်က ၎င်း၏အစိုးရအား NUG ကိုတရားဝင်အသိ အမှတ်ပြုရန် တောင်းဆိုသည့်အဆိုကို အတည်ပြုခဲ့သော်လည်း ပြင်သစ်အမျိုးသားလွှတ်တော်၊ အောက်လွှတ်တော်မှ ထောက်ခံခြင်းမရှိသေးပေ။

ဥရောပ၏တုန့်ပြန်မှုများက မတူညီကြပါ။ တစ်ချိန်တုန်းက မြန်မာနိုင်ငံ၏ ကိုလိုနီအုပ်စိုးသူဖြစ်ခဲ့ဖူးသော ဗြိတိန်က ပြီးခဲ့သောနှစ်တစ်လျှောက်လုံး NUG နှင့် လူသိရှင်ကြား တွေ့ဆုံခဲ့သည်။ ဗြိတိန်သည် “အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကြောင်းပြပြီး လက်ရှောင်ခြင်းမျိုးထက် မြန်မာစစ်တပ်ကို အရေးယူမှုများ တက်တက်ကြွကြွ ပြုလုပ်လျက်ရှိသည်” ဟု Farmaner ကပြောသည်။

NUG အနေဖြင့် ပြင်သစ်၊ ဗြိတိန်နှင့် ချက်သမ္မတနိုင်ငံတို့တွင် ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်ထားပြီး သက်ဆိုင်ရာ အစိုးရများ၊ အရပ်ဘက်အဖွဲ့အစည်းများကို စည်းရုံးမှုများ ဆောင်ရွက်နေကြသည်။ NUG ၏ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကလည်း ပြီးခဲ့သောဇန်နဝါရီက ပါရီတွင် အာဏာသိမ်းတစ်နှစ်ပြည့် နှစ်ပတ်လည်မိန့်ခွန်း ပြောကြားခဲ့သေးသည်။

ဇန်နဝါရီလတွင် ဂျာမနီဖက်ဒရယ်နိုင်ငံခြားရေးဝန်ကြီး Tobias Lindner နှင့် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တို့ ဗီဒီယိုကောလ်ခေါ်ဆိုမှု ပြုလုပ်ခဲ့သည်။ ဧပြီလတွင် ဂျာမနီလွှတ်တော်နှစ်ရပ်စလုံးမှ လွှတ်တော်ဥက္ကဌများက CRPH ကိုထောက်ခံကြောင်း အိတ်ဖွင့်ပေးစာတစ်စောင်ကို ပူးတွဲပေးပို့ခဲ့သည်။

“ဥရောပသမဂ္ဂမှာရှိတဲ့ ကျွန်တော်တို့ရဲ့မိတ်ဘက်တွေနဲ့အတူ ဂျာမနီနိုင်ငံကလည်းပဲ NUG နဲ့ CRPH တို့ကို မြန်မာ ပြည်သူတွေရဲ့ ဒီမိုကရေစီလိုလားမှုတွေကို ကိုယ်စားပြုနေကြတဲ့ အရေးပါတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေအဖြစ် အသိအမှတ်ပြုပါတယ်” ဟု ဂျာမနီနိုင်ငံခြားရေးဝန်ကြီးမှ Asia Times သို့ပြောကြားခဲ့သည်။

“သူတို့ဟာ စစ်မှန်ပြီးအားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဆွေးနွေးမှုတွေတိုင်းမှာ အဓိကကျတဲ့ သက်ဆိုင်သူတွေဖြစ်ရမယ်။ NUG နဲ့ ကျွန်တော်တို့ ပုံမှန်အဆက်အသွယ်ရှိပါတယ်” ဟု ဆိုသည်။

NUG ကို တရားဝင်အသိအမှတ်ပြုရန် နှောင့်နှေးနေခြင်း

နိုင်ငံတကာအသိုင်းအဝိုင်းမှ NUG ကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ် မပြုကြသေးသော်လည်း NUG တာဝန်ရှိသူများနှင့် အဆိုပါတွေ့ဆုံမှုများက ၎င်းတို့၏ တရားဝင်မှုကိုမြှင့်တင်ရန်အတွက် အရေးကြီးသည်ဟု လေ့လာသုံးသပ်သူများက ဆိုသည်။

ပြီးခဲ့သောဒီဇင်ဘာလအတွင်းက ကုလသမဂ္ဂတွင် အဖွဲ့ဝင်နိုင်ငံများက မြန်မာနိုင်ငံအား မည်သူကိုယ်စားပြုသင့်သည်ကို မဲမပေးရန် ဆုံးဖြတ်ခဲ့ကြသည်။ ထို့ကြောင့်လည်း စစ်အာဏာသိမ်းမှုကို လက်မခံသော သံအမတ် ဦးကျော်မိုးထွန်း နေရာတွင် ဆက်ပြီးကိုယ်စားပြုမည့်သူမရှိဘဲ အသိအမှတ်ပြုရေး ကိစ္စကလည်း နှောင့်နှေးကြန့်ကြာနေခဲ့ရသည်။ ထိုကိစ္စအား လာမည့်စက်တင်ဘာလတွင် ကျင်းပမည့် ကုလအထွေထွေညီလာခံ အစည်းအဝေးတွင် ဖြေရှင်းကြပေလိမ့်မည်။

၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ဗြိတိန်က မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီး ခန့်အပ်လိုက်သည့်အခါမှာတော့ စိုးရိမ်စိတ် များပေါ်ပေါက်လာခဲ့ပြီး အချို့ကတော့ ဗြိတိန်အနေဖြင့် အာဏာသိမ်းစစ်ကောင်စီကို အမှန်အတိုင်း အသိအမှတ်ပြု လိုက်ကြပြီဟု ရှုမြင်ခဲ့လေသည်။ သို့သော် နောက်လမှာတော့ ဗြိတိန်က မြန်မာနှင့်၎င်း၏ ဆက်ဆံရေးတွင် သံအမတ်အဆင့်မှ အဆင့်လျှော့ချခဲ့သည်။

ဗြိတိန်သံအမတ် Pete Vowles ကလည်း အကြောင်းပြချက်တစ်ခုဖြင့် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားချိန်မှာ တော့ ၎င်းကိုလက်တုန့်ပြန်သည့်အနေဖြင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက် ခွင့်ကို စစ်ကောင်စီက တားမြစ်ခဲ့သည်။

ဂျာမနီနိုင်ငံကလည်း မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်ကို အဆင့်နှိမ့်ချခဲ့ပြီး ယာယီသံရုံးတာဝန်ခံကိုသာ ထားရှိလေသည်။ ဒိန်းမတ် နှင့် အီတလီတို့ကလည်း ထိုကဲ့သို့လုပ်ဆောင်ရန် စဉ်းစားနေကြောင်း မေလနှောင်းပိုင်းက RFA တွင် ဖော်ပြခဲ့သည်။
စစ်အာဏာရှင်ဆန့်ကျင်ရေးအုပ်စုများကို လက်နက်ထောက်ပံ့ရန် တောင်းဆိုခြင်း

မြန်မာ့အရေးတွင် ထဲထဲဝင်ဝင်ပါဝင်ရန် ဥရောပနိုင်ငံသားများကို ယနေ့အချိန်တွင် တောင်းဆိုမှုများရှိနေသည်။ ဖေဖော်ဝါရီလက ရုရှား၏ယူကရိန်း ကျူးကျော်ဝင်ရောက်မှုသည် မြန်မာ့အရေးတွင် ပိုမိုအားကောင်းသော ရပ်တည်မှု များပြုလုပ်ရန် တွန်းအားများ ပို၍ဖြစ်စေခဲ့သည်။

ဥရောပအစိုးရများအနေဖြင့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ကိစ္စရပ်များတွင် သဘောထားပိုမို တင်းမာလာခဲ့ကြပြီး ယခင်က စစ်ဆန့်ကျင်ရေးဝါဒီဖြစ်သော ဂျာမနီလိုနိုင်ငံမျိုးကတော့ ကာကွယ်ရေးအသုံးစရိတ် အများအပြား အသုံးပြုမည့်စီမံကိန်းများကို ကြေညာခဲ့သည်။
အပိုင်း (၂) ကို ဆက်လက်ဖော်ပြပါမည်။

ကြည်ဖြူစံ

“Asia Times” တွင်ဖော်ပြထားသော “David Hutt” ၏ “Shadow Myanmar government gaining European friends” ကို ဆီလျော်အောင်ရေးသားသည်။