ရခိုင်တွင် နှစ်ပတ်အတွင်း တိုက်ပွဲ ၂၃ ကြိမ်ဖြစ်ပွားခဲ့

အာရက္ခတပ်တော်က မောင်တော၊ သံတွဲ၊ အမ်းနှင့် တောင်ကုတ်တွင် စခန်းသိမ်းတိုက်ပွဲ အပြင်းအထန်ဆင်နွှဲနေ၍ တိုက်ပွဲဖြစ်ပွားမှု မြင့်တက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်လည်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသည်။

By Admin 09 Jul 2024

ဓာတ်ပုံ - Arakan Army (YouTube)
ဓာတ်ပုံ - Arakan Army (YouTube)

DMG ၊ ဇူလိုင် ၉ 

ရခိုင်ဒေသအတွင်း စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ ဇွန်လ ၁၉ ရက်မှ ဇူလိုင် ၂ ရက်အတွင်း တိုက်ပွဲပေါင်း ၂၃ ကြိမ်ဖြစ်ပွားခဲ့သည်ဟု BNI-Myanmar Peace Monitor ၏ မှတ်တမ်းများအရ သိရသည်။ 

တိုင်းနှင့်ပြည်နယ် ၁၂ ခုတွင် တိုက်ပွဲစုစုပေါင်း ၁၂၄ ကြိမ်အထိ ဖြစ်ပွားဖြစ်ခဲ့ပြီး ရခိုင်ဒေသမှာ တိုက်ပွဲဖြစ်ပွားမှု အများဆုံးဖြစ်ကြောင်း BNI မှတ်တမ်းက ဖော်ပြသည်။ 

အာရက္ခတပ်တော်က မောင်တော၊ သံတွဲ၊ အမ်းနှင့် တောင်ကုတ်တွင် စခန်းသိမ်းတိုက်ပွဲ အပြင်းအထန်ဆင်နွှဲနေ၍ တိုက်ပွဲဖြစ်ပွားမှု မြင့်တက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်လည်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသည်။

သံတွဲတိုက်ပွဲသည် မြို့သိမ်းတိုက်ပွဲများအနက် အပြင်းထန်ဆုံးနှင့် အမြင့်ဆုံးအနေအထားသို့ ရောက်ရှိခဲ့ပြီး ခက်ခဲသည့်တိုက်ပွဲ တစ်ခုဖြစ်ကြောင်း AA က ဇူလိုင် ၇ ရက်တွင် ထုတ်ပြန်သည်။

“ငပလီ၊ သံတွဲဟာ ပြည်မနဲ့ဆက်စပ်ဖြတ်သန်းတဲ့အခါ အရေးကြီးတဲ့နေရာ ဖြစ်လာလိမ့်မယ်။ ကုန်စည်စီးဆင်းမှု အပိုင်းမှာဆိုရင်လည်း သံတွဲကနေပြီးတော့ဆင်းသွားရင် မြစ်ဝကျွန်းပေါ်ကို ရောက်ရှိတာပေါ့။ ဒါကြောင့်မို့ ဒီနေရာကို AA က သိမ်းပိုက်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်” ဟု နိုင်ငံရေးသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။ 

တိုက်ပွဲပြင်းထန်မှုနှင့်အတူ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး/ငယ် ပစ်ခတ်မှုကြောင့် နှစ်ပတ်အတွင်း အရပ်သား ၁၃ ဦးသေဆုံးခဲ့ကြောင်း BNI စာရင်းများအရ သိရသည်။ 

ယင်းအပြင် တိုက်ပွဲနှင့် စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးအန္တရာယ်များကြောင့် ဒေသခံ ၆၀၀ ခန့်မှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း BNI မှတ်တမ်းက ဖော်ပြသည်။ 

စစ်ဘေးရှောင်များမှာ စစ်ကောင်စီ၏ လမ်းခရီးပိတ်ဆို့ထားမှုကြောင့် စားနပ်ရိက္ခာ၊ အမိုးအကာနှင့် ဆေးဝါး အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိကြောင်း လူမှုကူညီရေးဆောင်ရွက်နေသူများထံမှ သိရသည်။

“အထူးသဖြင့် မိုးတွင်းဖြစ်တဲ့အတွက် ကျန်းမာရေးကိစ္စက အရေးတကြီးလိုအပ်နေတယ်။ ဖျားနာ၊ ချောင်းဆိုး၊ အအေးမိအတွက်တောင် သောက်ဖို့ဆေးက ရှာရတာမလွယ်ဘူး။ သွားရလာရတာလည်း အခက်အခဲရှိတော့ စစ်ရှောင်တွေအတွက် စိုးရိမ်နေရတယ်” ဟု သံတွဲမြို့နယ်မှ လူမှုကူညီရေးဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။  

စစ်ရေးပြင်းထန်လာသည်နှင့်အမျှ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူဦးရေ တိုးလာနေပြီး လူသားချင်း စာနာထောက်ထားမှု အကူအညီလိုအပ်ချက်မှာလည်း မြင့်မားလျက်ရှိသည်။ လမ်းခရီးသွားလာမှုကို စစ်ကောင်စီက အပြင်းအထန်တင်းကြပ်ထား၍ နိုင်ငံတကာကူညီထောက်ပံ့မှု မရခြင်းက စစ်ဘေးရှောင်များကို ပိုခက်ခဲစေသည်။

စစ်ကောင်စီနှင့် AA တို့ကြားတိုက်ပွဲမှာ ၈ လနီးပါးကြာမြင့်လာပြီး တိုက်ပွဲအရှိန် ဆက်လက်မြင့်တက်နေဆဲ ဖြစ်သည်။ လက်ရှိတွင် AA က မောင်တောနှင့် သံတွဲမြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေပြီး အမ်း၊ တောင်ကုတ်နှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ စစ်ရေးတင်းမာနေသည်။ 

ဗီဒီယိုများ