ငပလီတွင် တိုက်ပွဲပြင်းထန်နေ

ငပလီအရှေ့မြောက်ဘက် ဂေါ့ကျေးရွာနှင့် ငပလီမြို့ကြားတွင် ဇွန် ၁၉ ရက်မှစ၍ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး ယနေ့ ညနေ ၄ နာရီအချိန်ထိ ပြင်းထန်နေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။ 

By Admin 20 Jun 2024

စစ်ကောင်စီတပ်၏ စစ်ရေးလေ့ကျင့်မှု မြင်ကွင်းတစ်ခု။ (ဓာတ်ပုံ - CINCDS) 
စစ်ကောင်စီတပ်၏ စစ်ရေးလေ့ကျင့်မှု မြင်ကွင်းတစ်ခု။ (ဓာတ်ပုံ - CINCDS) 

DMG ၊ ဇွန် ၂၀

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့အနီးတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ ကြည်း၊ ရေ၊ လေပူးပေါင်းကာ အကြိတ်အနယ်ခုခံနေကြောင်း ဒေသခံများထံမှ သိရသည်။  

ငပလီအရှေ့မြောက်ဘက် ဂေါ့ကျေးရွာနှင့် ငပလီမြို့ကြားတွင် ဇွန် ၁၉ ရက်မှစ၍ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး ယနေ့ ညနေ ၄ နာရီအချိန်ထိ ပြင်းထန်နေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။ 

“တိုက်ပွဲကတော့ ငပလီအနီးမှာနေ့တိုင်းလိုလို ဖြစ်နေကြတာ။ မနေ့ကဆိုရင် တော်တော်လေးကို ပြင်းပြင်းထန်ထန် ဖြစ်ကြတယ်။ စစ်ကောင်စီဖက်က လေကြောင်း၊ ရေကြောင်းကနေ လက်နက်ကြီးတွေနဲ့ တရစပ်ပစ်ခတ်နေတာ” ဟု ငပလီဒေသခံတစ်ဦးက ပြောသည်။

သံတွဲတွင် စစ်ကောင်စီ၏ ခလရ (၅၅)နှင့် ခမရ (၅၆၆) တို့အပြင် မောင်ရွှေလေးရေတပ်ခစန်း အခြေစိုက်ထားပြီး တိုက်ပွဲဖြစ်ပွားပြီးနောက် ငပလီလေဆိပ်တွင်လည်း အင်အားတိုးချဲ့ချထားကာ ခံစစ်ပြင်ဆင်ထားသည်။ 

မြို့နှင့် မိုင် ၂၀ အကွာမှစတင်ခဲ့သည့် အာရက္ခတပ်တော်(AA)၏ ထိုးစစ်ဆင်တိုက်ခိုက်မှုမှာ သံတွဲမြို့ရှိ စစ်ကောင်စီတပ်ရင်းများရှိရာသို့ နီးကပ်လာနေပြီဖြစ်သည်။ 

“ဒီတပ်ရင်းတွေကျတာနဲ့ သံတွဲမြို့ကို အေအေက ထိန်းချုပ်ပြီးသားဖြစ်သွားပြီ။ စစ်ကောင်စီကတော့ အစွမ်းကုန်ခုခံမယ့် အနေအခြေတစ်ရပ်ကို မြင်နေရတယ်” ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။

မြို့အနီးတိုက်ပွဲများ ပြင်းထန်နေသော်လည်း မြို့တွင်းကျန်ရှိနေကြသည့် ဒေသခံများမှာ စစ်ကောင်စီ၏ လမ်းခရီးကန့်သတ်ချက်ကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်ရန် အခက်အခဲရှိနေကြသည်။ 

သံတွဲမြို့နယ်တွင် စစ်ကောင်စီနှင့် AA တို့ ဧပြီ ၁၃ ရက်မှစ၍ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂ လကျော်ကြာမြင့်လာပြီး နေရပ်စွန့်ခွာသူ ၄ သောင်းကျော်ထိရှိနေပြီး အရေးပေါ်ကူညီထောက်ပံ့မှုများ လိုအပ်နေကြသည်။ 

ဗီဒီယိုများ