ရခိုင်က မြို့လေးခုကို ထပ်မံသိမ်းပိုက်ရန် လက်တစ်ကမ်းအလိုသို့ ရောက်နေပြီဟု AA ပြော
ရခိုင်ပြည်အတွင်းက မောင်တော၊ အမ်း၊ တောင်ကုတ်နှင့် ဂွမြို့နယ်တို့ကို ထပ်မံသိမ်းပိုက်နိုင်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း အာရက္ခတပ်တော်(AA)က နိုဝင်ဘာ ၁၃ ရက် တိုက်ပွဲတစ်နှစ်ပြည့်တွင် ထုတ်ပြန် သည်။
14 Nov 2024
DMG ၊ နိုဝင်ဘာ ၁၄
ရခိုင်ပြည်အတွင်းက မောင်တော၊ အမ်း၊ တောင်ကုတ်နှင့် ဂွမြို့နယ်တို့ကို ထပ်မံသိမ်းပိုက်နိုင်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း အာရက္ခတပ်တော်(AA)က နိုဝင်ဘာ ၁၃ ရက် တိုက်ပွဲတစ်နှစ်ပြည့်တွင် ထုတ်ပြန် သည်။
“အာရက္ခဒေသတစ်ခုလုံး အာရက္ခပြည်သူ့လက်ထဲသို့ အမြန်ဆုံးရောက်ရှိစေရေး၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကင်းစင်ရေး အစရှိတဲ့ ရည်မှန်းချက်တွေအတွက် စစ်ကောင်စီရဲ့ လက်ကျန် စခန်းတွေကို အာရက္ခတပ်တော်က တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်” ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
တစ်နှစ်တာ စစ်ဆင်ရေးကာလ ပလက်ဝနှင့် ရခိုင်ကမြို့နယ် ၁၀ ခုအထိ သိမ်းပိုက်ထားပြီး အမ်း၊ တောင်ကုတ်၊ ဂွနှင့် မောင်တောမြို့တို့တွင် အလုံးစုံသိမ်းပိုက်ရေး အာရက္ခတပ်တော်က ထိုးစစ်အရှိန်မြှင့်တိုက် ခိုက်နေခြင်းဖြစ်သည်။
အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အပါအဝင် စစ်ကောင်စီတပ်ရင်းတပ်ခွဲ (၁၈) ခုရှိသည်ထဲမှ စစ်ဖက်ရေးရာလုံခြုံရေးတပ်အပါအဝင် (၈) ခုကို သိမ်းပိုက်ထားပြီး နပခ အပါအဝင် တပ်ရင်း (၁၀) ခုကို ဆက် လက်တိုက်ခိုက်နေ၍ တိုက်ပွဲပြင်းထန်လျက်ရှိသည်။
မောင်တောတွင် တစ်ခုတည်းကျန်ရှိနေသော နခခ (၅) ကို သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေပြီး တောင်ကုတ်၊ ဂွတို့တွင်လည်း တပ်စခန်းများကို သိမ်းပိုက်ကာ မြို့ပေါ်အထိ ထိုးဖောက်တိုက်ခိုက်နေသည်။
တရုတ်စီမံကိန်းတည်ရှိရာ ကျောက်ဖြူမြို့နှင့် ရခိုင်ပြည်မြို့တော် စစ်တွေနှင့် မာန်အောင်မြို့တို့တွင် အာရက္ခ တပ်တော်က တိုက်ပွဲပြင်းပြင်းထန် ဖြစ်ပွားခြင်းမရှိသေးပေ။
“စစ်တွေကတော့ အခု ဝိုင်းပတ်ပိတ်ဆို့ထားတယ်။ မောင်တောပြီးရင်တော့ တိုက်စစ်ဖွင့်မယ်လို့ ထင်တယ်။ ကျောက်ဖြူကလည်း ဒီအတိုင်းပါပဲ။ ဒီမြို့ နှစ်မြို့ကတော့ သူတို့ အချိန်ဆွဲပြီး ဗျူဟာအရတိုက်နိုင်တယ်။ ပြည်သူတွေ ထိခိုက်နာကျင်မှု တော်တော်များနိုင်တဲ့ မြို့တွေဖြစ်တယ်။ ပင်လယ်နဲ့လည်း နီးကပ်နေတော့ လက်နက်ကြီးတွေနဲ့လည်း အချိန်မရွေး ဖျက်ဆီးလို့ရတယ်။ ပင်လယ်ထွက်ပေါက်ရှိတဲ့အတွက် ပစ်ကူတွေလည်း ပေးနိုင်တယ်။ ဒါကြောင့် ဒီမြို့တွေကို အချိန်ယူပြီး တိုက်နိုင်တာပေါ့” ဟု ရခိုင့်ဝါရင့် နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ စတင်ခဲ့သည့် ရခိုင်ဒေသတွင်းတိုက်ပွဲများမှာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် တစ်နှစ်ပြည့်ခဲ့ပြီဖြစ်ကာ စစ်ဆင်ရေးတစ်နှစ်တာအတွင်း ပလက်ဝနှင့် ရခိုင်က မြို့နယ် ၁၀ ခုအထိ AAက သိမ်းပိုက်ထားသည်။
အာရက္ခတပ်တော်၏ အရှိန်အဟုန်မြှင့်ထိုးစစ်များနှင့်အတူ လာမည့် ၂၀၂၅ ခုနှစ်တွင် စစ်ကောင်စီကင်းစင်နယ် မြေဖြစ်ရေးဆိုသည့် စစ်ရေးရည်မှန်းချက်မှာလည်း ပြည့်မြောက်သွားနိုင်ကြောင်း စစ်ရေး၊ နိုင်ငံရေးအကဲခက် သူတို့က သုံးသပ်ထားကြသည်။