မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သံတွဲစစ်ဘေးရှောင်များ နေထိုင်ရေးအခက်ခဲဖြစ်

ဇူလိုင် ၂၀ ရက်မှစ၍ သံတွဲမြို့နယ်နှင့် ရခိုင်ပြည်အနှံ့တွင် မိုးအဆက်မပြတ်ရွာသွန်းနေပြီး အခြားဒေသထက် လတ်တလော သံတွဲစစ်ဘေးရှောင်များမှာ နေထိုင်စားသောက်ရေး အခက်ခဲဖြစ်စေကြောင်း ပြောကြသည်။

By Admin 24 Jul 2024

သံတွဲမြို့နယ်က စစ်ဘေးရှောင်များအား ယခုလအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ - Lay Waddy FM)
သံတွဲမြို့နယ်က စစ်ဘေးရှောင်များအား ယခုလအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ - Lay Waddy FM)

DMG ၊ ဇူလိုင် ၂၄

တိုက်ပွဲပြင်းထန်နေသည့် သံတွဲမြို့နယ်တွင် ယခုရက်ပိုင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စစ်ဘေးရှောင်များမှာ နေထိုင်ရေးအခက်အခဲဖြစ်နေကြောင်း စစ်ရှောင်အရေးလှုပ်ရှားသူများနှင့် စစ်ဘေးရှောင်များထံမှ သိရသည်။

ဇူလိုင် ၂၀ ရက်မှစ၍ သံတွဲမြို့နယ်နှင့် ရခိုင်ပြည်အနှံ့တွင် မိုးအဆက်မပြတ်ရွာသွန်းနေပြီး အခြားဒေသထက် လတ်တလော သံတွဲစစ်ဘေးရှောင်များမှာ နေထိုင်စားသောက်ရေး အခက်ခဲဖြစ်စေကြောင်း ပြောကြသည်။

“အခုရက်ပိုင်း မိုးဆက်တိုက်ရွာနေတော့ အဓိက ကလေးတွေ၊ သက်ကြီးရွယ်အိုတွေမှာ ပိုပြီးအခက်အခဲရှိတယ်။ နေထိုင်စားသောက်ရေး အဆင်မပြေဘူး။ ဆေးဝါးမလုံလောက်တော့ နေမကောင်းဖြစ်မှာလည်း စိုးရိမ်နေရတယ်” ဟု စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

သံတွဲမြို့နယ်တွင် စစ်ဘေးရှောင် ၅၀,၀၀၀ ကျော်အထိရှိနေပြီး ၎င်းတို့မှာ စစ်ပွဲဧရိယာနှင့်ဝေးသည့် ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် ဆွေမျိုးများနေအိမ်တွင် ယာယီနေထိုင်ကြခြင်းဖြစ်သည်။

ယင်းအပြင် သံတွဲဒေသတွင်း ကုန်ပစ္စည်းပြတ်လပ်မှု၊ ကုန်ဈေးနှုန်းမြင့်မှု၊ သွားလာရေးအဆင်မပြေမှု တို့ကြောင့် စစ်ဘေးရှောင်များမှာ ယခင်ထက်ပို၍ အခက်အခဲဖြစ်နေကြောင်း ဒေသခံများက ပြောသည်။

“အမိုးအကာတွေ မလုံလောက်ဘူး။ အဝတ်အစားတွေ၊ အရေးပေါ်ဆေးဝါးလည်းလိုတယ်။ အရင်အလှူရှင်တွေက စစ်ရှောင်သွားကြတော့ အကူအညီအရင်လောက်မရဘူး။ ကလေးတွေ ဖျားနာကြတာရှိတော့ ပိုတောင်ခက်ခဲတယ်။  မိုးရက်ဆက်ရွာနေတော့ အနိမ့်ပိုင်းနေရာမှာရှိတဲ့ စစ်ရှောင်တွေဆိုရင် နေရာပြောင်းရွှေ့ရမယ့် အနေအထားရှိတယ်” ဟု စစ်ရှောင်အရေးကူညီနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် ဒေသတွင်း ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်နေ၍ ငွေလွှဲငွေထုတ် အဆင်မပြေမှုကလည်း စစ်ဘေးရှောင်များကို အကျပ်တည်းဖြစ်စေကြောင်း စစ်ရှောင်အရေးကူညီနေသူများက ပြောသည်။ 

“လက်ရှိမှာ အလှူရှင်တွေရှိပေမဲ့ ငွေထုတ်လို့မရတာရယ်၊ ဆန်ဈေးတက်တာရှိတယ်။  ဆန်တစ်အိတ်ကို ၂၀၈,၀၀၀ ဖြစ်သွားပြီ။ တခြားအခက်အခဲတွေလည်း အများကြီးရှိတာပေါ့” ဟု ကူညီဆောင်ရွက်နေသူတစ်ဦးက ပြောသည်။ 

သံတွဲဒေသကို အလုံးစုံသိမ်းပိုက်နိုင်ရေး အာရက္ခတပ်တော်(AA)က အပြင်းအထန် ထိုးစစ်ဆင်နေပြီး ခမရ ၅၆၆၊ ခလရ ၅၅ တို့ကို သိမ်းပိုက်ထားကာ လက်ကျန် မောင်ရွှေလေးရေတပ်စခန်းအနီးတွင် တိုက်ပွဲပြင်းထန်နေသည်။

ဗီဒီယိုများ