၁၀၂၇ စစ်ဆင်ရေးနှင့် စစ်ရေး၊ နိုင်ငံရေး အပြောင်းအလဲ 

စစ်ဆင်ရေးစတင်ပြီး အချိန်တိုအတွင်းအတွင်း စစ်ကောင်စီတပ်စခန်းများစွာကို သိမ်းပိုက်နိုင်ခြင်းတို့ကြောင့် တစ်နိုင်ငံလုံး တုန်လှုပ်သွားခဲ့ရကြောင်း နိုင်ငံရေးသမားများက ပြောကြသည်။

By Admin 27 Sep 2024

ညီနောင်မဟာမိတ် သုံးဖွဲ့ အလံများကို TNLA က လွှင့်တင်နေစဉ်။ (ဓာတ်ပုံ - TNLA)
ညီနောင်မဟာမိတ် သုံးဖွဲ့ အလံများကို TNLA က လွှင့်တင်နေစဉ်။ (ဓာတ်ပုံ - TNLA)

DMG ၊ စက်တင်ဘာ ၂၇

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်ခဲ့သည့် မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးမှာ တစ်နှစ်နီးပါး ကြာမြင့်လာပြီဖြစ်သည်။ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာရက္ခတပ်တော် (AA) တို့သည် ၁၀၂၇ စစ်ဆင်ရေးမှတစ်ဆင့် စစ်ကောင်စီကို ပြင်းထန်သည့် ထိုးစစ်များဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။

မြို့သိမ်းတိုက်ပွဲများ အရှိန်အဟုန် ပြင်းထန်လာချိန်တွင် တရုတ်၏ ကြားဝင်ညှိနှိုင်းမှုကြောင့် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့ကြား ဆွေးနွေးမှု ၃ ကြိမ်ပြုလုပ်ပြီးနောက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် ဟိုင်ဂင်သဘောတူညီချက်ဖြင့် ရှမ်းမြောက်ဒေသတွင် အပစ်အခတ် ရပ်တန့်ခဲ့ကြသည်။

ယင်းနောက်ပိုင်းတွင် စစ်ကောင်စီသည် ကျောက်မဲမြို့ရှိ TNLA တပ်စွဲထားသည့် ငြိမ်းချမ်းရေးကုန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့သည့်အပြင် သိန္နီ၊ ကွတ်ခိုင်၊ နောင်ချို၊ မိုးမိတ်၊ မိုးကုတ် စသည့် မြို့နယ်များတွင် လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများကို ပေါ်ပေါ်ထင်ထင် ပြုလုပ်လာခဲ့သည်။

ထို့ကြောင့် အပစ်ရပ်ပြီး ၄ ကျော်အကြာ ဇွန် ၂၅ တွင် စစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ် ကျောက်မဲ၊ နောင်ချို၊ မိုးကုတ် မြို့နယ်တို့အား TNLA က ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြန်လည်စတင်ခဲ့သည်။

အရှိုန်မြင့်ထိုးစစ်ကို မခုခံနိုင်တော့သော စစ်ကောင်စီသည် သမိုင်းတလျှောက် ကြီးမားသည့် အရှုံးနှင့်ရင်ဆိုင်နေရပြီး တော်လှန်ရေးအင်အားစုများကလည်း အောင်မြင်မှုများစွာရရှိနေကြောင်း နိုင်ငံရေးလေ့လာသူများက ဆိုကြသည်။

“၁၀၂၇ စစ်ဆင်ရေးက မြန်မာတစ်နိုင်ငံလုံးရဲ့ ၆၀ ရာခိုင်နှုန်းလောက် လွှမ်းမိုးထားနိုင်ပြီလို့ ဆိုရမယ်ဗျ။ အခု ဒီစစ်ဆင်ရေးက MNDAA မပါဘူး ဆိုရင်တောင် ပြင်ဦးလွင်နဲ့ ရှမ်းမန်ထိတော့ သွားမယ်ထင်တယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေ မပါရင်တောင် ဒီစစ်ဆင်ရေးက NUG ရဲ့ PDF တွေနဲ့ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတွေထိ သွားမယ်လို့ ယူဆလို့ရပါတယ်” ဟု စစ်ရေး၊ နိုင်ငံရေး သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

၁၀၂၇ စစ်ဆင်ရေးနှင့်အတူ အခြားတိုင်းရင်းသားဒေများအတွင်း စစ်ကောင်စီတပ်စခန်းပေါင်း မြောက်များစွာကို တော်လှန်ရေးတပ်ဖွဲ့များထံ လက်လွှတ်ခဲ့ရပြီး မြို့ပေါင်း ၇၈ မြို့ကိုလည်း ဆုံးရှုံးလိုက်ရသည်။
 
စစ်ဆင်ရေးစတင်ပြီး အချိန်တိုအတွင်းအတွင်း စစ်ကောင်စီတပ်စခန်းများစွာကို သိမ်းပိုက်နိုင်ခြင်းတို့ကြောင့် တစ်နိုင်ငံလုံး တုန်လှုပ်သွားခဲ့ရကြောင်း နိုင်ငံရေးသမားများက ပြောကြသည်။

“ညီနောင်သုံးဖော်ရဲ့ ၁၀၂၇ စစ်ဆင်ရေးက တစ်နိုင်ငံလုံးကို တုန်လှုပ်သွားသလို စစ်ကောင်စီကလည်း တော်တော်ပေးဆပ်ရတယ်။ ဒီအရှိုန်နဲ့ ပြည်မဘက်က တော်လှန်ရေးတပ်တွေကလည်း ပူးပေါင်းတိုက်ခိုက်ကြတဲ့အတွက် အောင်မြင်မှုတွေရတယ်။ ဒီစစ်ဆင်ရေးကြောင့် အခုဆိုရင် မြို့ပေါင် ၈၀ နီးပါး စစ်ကောင်စီက လက်လွှတ်ထားရပြီ” ဟု စစ်ရေး၊ နိုင်ငံရေး သုံးသပ်သူ ဦးဖေသန်းက ပြောသည်။

လက်ရှိတွင် MNDAA သည် ချင်းရွှေဟော်၊ ကုန်းကြမ်း၊ လောက်ကိုင်၊ ဖောင်းဆိုင်၊ လားရှိုး၊ ကြူကုတ်(ပန်ဆိုင်း)၊ ခါမ်းပါတ်၊ မုံးကိုး၊ ကွမ်းလုံ၊ မော်ထိုက် စသည့် မြို့နှင့် မြို့နယ်များအား သိမ်းပိုက်ထိန်းချုပ်ထားပြီး TNLA သည် သိန္နီ၊ ကွတ်ခိုင်၊ နောင်ချို၊ မိုးမိတ်၊ မိုးကုတ်၊ မိုင်းငေါ့၊ မန်တုံ၊ နမ့်ခမ်း၊ နမ့်ဆန်၊ မိုင်းလုံ၊ နမ္မတူ မြို့တို့ကို သိမ်းပိုက် ထားသည်။

AA က လည်း ချင်းပြည်နယ် ပလက်ဝ၊ ဆမီးမြို့အပါဝင် ရခိုင်ပြည်မှ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တော၊ မြေပုံ၊ မင်းပြား၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ သံတွဲ၊ ကျိန္တလီ၊ စနဲ၊ ကမ်းထောင့်ကြီး၊ တောင်ပြို၊ မအီမြို့တို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။

“စစ်မျက်နှာတွေ ဘယ်လောက်ကျယ်ပြန့်လာမလဲ ဆိုတာက ညီနောင်သုံးဖော်ရဲ့ ဆုံးဖြတ်ချက်၊ တခြား တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်ရေးရည်မှန်းချက်၊ ပြည်မက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ညီညွှတ်မှု စတာတွေအပေါ်မှာ အများကြီးမူတည်ပါတယ်” ဟု ဦးဖေသန်းက ပြောသည်။