ရခိုင်က စစ်ကောင်စီထိန်းချုပ်ဆဲမြို့တွေမှာ တရားစီရင်ရေးလုပ်ငန်းတွေ အလုပ်ဖြစ်ရဲ့လား

စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲပြင်းထန်နေသည့် မောင်တော၊ သံတွဲ၊ တောင်ကုတ် မြို့တို့တွင် တရားရုံးများ လည်ပတ်နိုင်ခြင်း မရှိတော့ပေ။ 

By Admin 25 Jun 2024

စစ်တွေမြို့နယ် တရားရုံးကို ၂၀၂၂ ခုနှစ်အတွင်းက တွေ့ရစဉ်။ 
စစ်တွေမြို့နယ် တရားရုံးကို ၂၀၂၂ ခုနှစ်အတွင်းက တွေ့ရစဉ်။ 

DMG ၊ ဇွန် ၂၅ 

ရခိုင်ပြည်အတွင်း စစ်ကောင်စီထိန်းချုပ်ထားဆဲ မြို့အချို့၌ တရားရုံးများပိတ်ထားရခြင်း၊  ပုံမှန်မလည်ပတ်နိုင်ခြင်း တို့ကြောင့် တရားစွဲဆိုခံထားရသည့် အမှုသည်များအတွက် နစ်နာမှုများရှိနေကြောင်း သိရသည်။  

လက်ရှိစစ်ရေးကာလအတွင်း အာရက္ခတပ်တော်(AA)သည် ရခိုင်က ဘူးသီးတောင်၊ ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲမြို့တို့ကို သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေးအပါဝင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည်။ 

စစ်တွေ၊ မောင်တော၊ ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်၊ သံတွဲ၊ ဂွ၊ မာန်အောင်မြို့တို့ကို စစ်ကောင်စီက ထိန်းချုပ်ထားဆဲဖြစ်ပြီး ယင်းဒေသအများစုမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသည်။ 

ယင်းအထဲ စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲပြင်းထန်နေသည့် မောင်တော၊ သံတွဲ၊ တောင်ကုတ် မြို့တို့တွင် တရားရုံးများ လည်ပတ်နိုင်ခြင်း မရှိတော့ပေ။ 

“လောလောဆယ် မောင်တောမှာ တရားရုံးပိတ်ထားတာ တွေ့ရတယ်။ ရုံးထုတ်တာလည်း မတွေ့ရဘူး။ တိုက်ပွဲပြင်းကတည်းက ဒီလို ဖြစ်နေတာပါ” ဟု မောင်တောမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။ 

မောင်တောမြို့ကို အပြီးသတ်သိမ်းပိုက်ရေးအတွက် AA က ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများမှာ နေ့စဉ်နှင့်အမျှ ပြင်းထန်နေသည်။

တောင်ကုတ်နှင့် သံတွဲမြို့တွင်လည်း မြို့ပေါ်နှင့် မြို့အနီးတိုက်ပွဲများကြောင့် တရားရုံးအပြင် ဌာနဆိုင်ရာရုံးများကို ပိတ်ထားကြောင်း သိရသည်။

သို့သော် ဒေသတွင်းတိုက်ပွဲဖြစ်ပွားမှု မရှိသေးသည့် ဂွနှင့် မာန်အောင်မြို့တို့တွင် တရားစီရင်ရေးလုပ်ငန်းများ ပုံမှန်လည်ပတ်နေကြောင်း ဒေသခံများက ပြောသည်။  

စစ်ကောင်စီထိန်းချုပ်ဆဲမြို့များထဲမှ စစ်တွေ၊ အမ်း၊ ကျောက်ဖြူမြို့တို့တွင် တရားရုံးများ ဖွင့်လှစ်ထားသော်လည်း ပုံမှန်လည်ပတ်ခြင်း မရှိသဖြင့် အမှုသည်များအတွက် အချိန်ကြန့်ကြာမှုများ ဖြစ်နေသည်ဟု ပြောကြသည်။ 

“ပြီးခဲ့တဲ့ သုံးလလောက်က တရားရုံးပိတ်ထားလို့ ရုံးမထုတ်ဘူး။ အခုတော့ တရားလိုမရောက်လို့ ရက်ရွှေ့ဆိုင်းခံနေရတယ်။ အမှုသည်တွေများလို့လည်း အချိန်ကြန့်ကြာတယ်လို့ သိရတယ်” ဟု နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅ (က)ဖြင့် တရားရင်ဆိုင်နေရသူတစ်ဦး၏ မိသားစုဝင် တစ်ဦးက ပြောသည်။ 

၄င်းမှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်တွင် စစ်ကောင်စီ၏ သံသယဖြင့်ဖမ်းဆီးမှုကို ခံရပြီးနောက် ၅၀၅ (က) ဖြင့် စစ်တွေခရိုင်တရားရုံးတွင် အမှုရင်ဆိုင်နေရသည်မှာ ၈ လအထိ ကြာမြင့်လာပြီဖြစ်သည်။  

ကျောက်ဖြူမြို့နယ်တရားရုံးတွင်လည်း တရားလိုမရောက်ခြင်း၊ ရှေ့နေ၊ တရားသူကြီး မရောက်ခြင်း စသည့် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရေးပုဒ်မအသီးသီးဖြင့် တရားရင်ဆိုင်နေရသူများမှာ အမှုကြန့်ကြာနေသည်ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ 

“ဘာကြောင့်မှန်းမသိရပေမယ့် တစ်ပတ်မှာ ၃ ရက်လောက်ပဲ တရားရုံးဖွင့်ပါတယ်။ အမှုသည်တွေမှာ အချိန်ကော၊ လူအင်အား၊ ငွေအင်အားပါ အဖက်ဖက်က နစ်နာရပါတယ်” ဟု သူက ပြောသည်။ 

နိုင်ငံရေးပုဒ်များဖြင့် တရားစွဲဆိုထားသူများကို စစ်ကောင်စီက ပုံမှန်ရုံးထုတ်စစ်ဆေးခြင်း မရှိသည့်အပြင် လမ်းခရီးပိတ်ဆို့ထားမှုကြောင့်လည်း မိသားစုဝင်များနှင့် တွေ့ခွင့်မရဘဲ ဖြစ်နေကြသည်။ 
နိုင်ငံရေးပုဒ်မများဖြင့် တရားရင်ဆိုင်နေရသူများထဲမှ အများစုမှာ စစ်တွေနှင့် ကျောက်ဖြူမြို့ရှိ တရားရုံးများတွင် အမှုရင်ဆိုင်နေရခြင်းဖြစ်သည်။ 

“တရားရုံးအများစုဟာ လက်တွေ့မြေပြင်မှာ အလုပ်မဖြစ်တော့ဘူး။ ဘာကြောင့်ဆို AA က ရခိုင်ပြည်တစ်ခုလုံးကို သိမ်းဖို့ ထိုးစစ်ဆင်နေတယ်။ အဲဒီအချိန်မှာ စစ်ကောင်စီရဲ့ တရားရုံးတွေဟာလည်း လုံခြုံရေးအခြေအနေအရ ပိတ်ထားရတယ်။ ဆိုတော့ တရားရုံးတွေ ပုံမှန်မလည်ပတ်တာနဲ့ စစ်ကောင်စီရဲ့ တရားလိုတွေ မရောက်တာဟာ စွပ်စွဲခံထားရတဲ့သူတွေအတွက် အများကြီးနစ်နာတယ်” ဟု ရခိုင်နိုင်ငံရေးသမားတစ်ဦးက ပြောသည်။ 

ရခိုင်ပြည်တွင် ၂၀၂၂ ခုနှစ် တိုက်ပွဲကာလနှင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစတင်သည့် လက်ရှိ တိုက်ပွဲကာလအတွင်း မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)၊ နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က) တို့အပြင် အခြားနိုင်ငံရေး ပုဒ်မများဖြင့် တရားစွဲဆိုခံထားရသည့် ဒေသခံရာနှင့်ချီရှိနေသည်။ 

ဗီဒီယိုများ