ရခိုင်တွင် HIV ပိုးထိန်းဆေး လုံးဝပြတ်လပ်နေ 

အိတ်ချ်အိုင်ဗွီ ပိုးထိန်းဆေးဖြစ်သော ART ဆေးများကို ယခင်က ကျန်းမာရေးဌာနမှဖြစ်စေ၊ ဆေးဆိုင်များမှဖြစ်စေ ဝယ်ယူသုံးစွဲနိုင်ခဲ့သော်လည်း စစ်ကောင်စီက လမ်းပိတ်ဆို့ပြီးနောက် ဆေးဝါးများ လုံးဝပြတ်နေသည်။

By Admin 08 Aug 2024

ဓာတ်ပုံ - USAID HIV & AIDS Flagship Project 
ဓာတ်ပုံ - USAID HIV & AIDS Flagship Project 

DMG ၊ ဩဂုတ် ၈

ကုန်သွယ်ရေးလမ်း ပိတ်ဆို့ခံရမှုကြောင့် ကုန်ပစ္စည်းပြတ်လပ်မှု ဖြစ်ပေါ်နေသော ရခိုင်ဒေသတွင် အိတ်ချ်အိုင်ဗွီ HIV ပိုးထိန်းဆေးများ လုံးဝပြတ်လပ်နေ၍ ရောဂါပိုးရှိသူများမှာ အခက်ကြုံနေရကြောင်း သိရသည်။

အိတ်ချ်အိုင်ဗွီ ပိုးထိန်းဆေးဖြစ်သော ART ဆေးများကို ယခင်က ကျန်းမာရေးဌာနမှဖြစ်စေ၊ ဆေးဆိုင်များမှဖြစ်စေ ဝယ်ယူသုံးစွဲနိုင်ခဲ့သော်လည်း စစ်ကောင်စီက လမ်းပိတ်ဆို့ပြီးနောက် ဆေးဝါးများ လုံးဝပြတ်လာခြင်း ဖြစ်သည်။ 

ပေါက်တောမြို့နယ်မှအမျိုးသမီးတစ်ဦးက “ဆေးမသောက်ရတာ သုံးလနီးပါးရှိပြီ။ ဆေးရှာမရလို့ ကျောက်တော်ကို စက်လှေနဲ့သွားရှာတယ်။ မရဘူး။ ဆေးပြတ်တာကြာလာရင် အသက်ဆုံးရှုံးရမှာကို ကြောက်တယ်။ အဲဒါကြောင့် ဒီဆေးကို ဘယ်ကပဲရရ လိုချင်ပါတယ်။ ဘယ်သူ့ကိုဆက်သွယ်ပြီး ဘယ်လိုမှာရမလဲ မသိတော့ဘူး” ဟု ပြောသည်။ 

ART ပိုးထိန်းဆေးကို နေ့စဉ်အချိန်မှန် သောက်ပေးခြင်းဖြင့် တခြားသူများထံ မကူးစက်အောင် ထိန်းပေးနိုင်ပြီး သွေးထဲမှာရှိသော ပိုးများကိုလည်း လျော့နည်းသွားစေနိုင်သည်။ ဆေးသောက်ရန်ပျက်ကွက်မှု များလာပါက ကိုယ်ခံအားကျဆင်းခြင်း၊ မှတ်ဉာဏ်ပျောက်ဆုံးခြင်း၊ စိတ်ဓာတ်ကျခြင်း၊ မကြာခဏဖျားနာခြင်း၊ အရေပြားတွင် အဖုများထွက်ခြင်း၊ ဝမ်းလျှောခြင်း၊ အာရုံကြောဆိုင်ရာ ချွတ်ယွင်းမှု ပြဿနာများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

“ART ဆိုတာက HIV ပိုးကို ထိန်းထားတဲ့ဆေး။ ဒီဆေးက HIV ပိုးရှိပြီးသားသူတွေ သောက်ရတာဖြစ်တယ်။ ပိုးကောင်ရေ ထပ်မများဖို့၊ မပြန့်ပွားဖို့၊ ရှိနေတဲ့ကိုယ်ခံအားကို ပိုးက မဖျက်ဆီးနိုင်အောင်ထိန်းထားဖို့ သောက်ရတာ။ ဒီဆေးသောက်လို့ HIV ပျောက်သွားမှာ မဟုတ်ပေမဲ့ ဒီဆေးကို တစ်သက်လုံး သောက်သွားရမှာ။ ပြတ်သွားရင်တော့ အန္တရာယ်ရှိနိုင်တယ်” ဟု ရခိုင်ဒေသမှ အမျိုးသမီးဆရာဝန်တစ်ဦးက ပြောသည်။

အသက်အရွယ်၊ ကျား၊ မ၊ လူမျိုးမရွေး ကူးစက်နိုင်သော HIV ရောဂါပိုးသည် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ ဆေးထိုးအပ်ကို မျှဝေသုံးစွဲခြင်း၊ ပိုးရှိသူ၏ သွေး/ အရည်သည် ကိုယ့်သွေးလမ်းကြောင်းထဲသို့ တစ်နည်းနည်းဖြင့် ဝင်ရောက်သွားခြင်း၊ မိခင်နို့တိုက်ရာမှ ကလေးကို ကူးစက်ခြင်း စသောနည်းလမ်းအမျိုးမျိုးဖြင့် ကူးစက်နိုင်သည်။ 

ကုသမှု သေချာမခံယူပါက ရောဂါပိုးများ ပွားများလာပြီး ကိုယ်ခံအားစနစ်ကျဆင်းကာ HIV နောက်ဆုံးအဆင့် AIDS ခုခံအားကျဆင်းမှုရောဂါ အခြေအနေကို ရောက်ရှိပြီး အသက်သေဆုံးရသည်အထိ ဖြစ်ပေါ်နိုင်သည်။ 

မြောက်ဦးမြို့နယ်မှ ဒေသခံတစ်ဦးက “ရွာမှာနေတဲ့တစ်ယောက်က အဲဒီရောဂါရှိတယ်။ သူက ဆေးပုံမှန်ဝယ်လို့ရတဲ့ အချိန်ကတောင် ဆေးကို ပုံမှန်မသောက်တော့ စိတ်မမှန်တာတွေ ဖြစ်တယ်။ အခု ဆေးတွေ ပြတ်လပ်လာနေတော့ နောက်ဆက်တွဲ ဘယ်လိုဖြစ်လာမလဲ မသိဘူး” ဟု ပြောသည်။

၂၀၂၁ ခုနှစ်က ကျန်းမာရေးဌာနစာရင်းအရ ရခိုင်တွင် HIV ပိုးကူးစက်ခံရပြီးနောက် ART ဆေး သောက်သုံးသူနေရသူ ဦးရေ ၂,၈၀၀ ကျော်ရှိနေပြီး ယင်းအထဲတွင် ကိုယ်ဝန်ဆောင်ဦးရေ ၃၀၀ ဦး ခန့်ပါဝင်ကြောင်း သိရသည်။ 

HIV ဗိုင်းရပ်စ်ကို အမြစ်ပျောက်ကုသနိုင်သည့် ဆေးဝါး မပေါ်သေးသော်လည်း ART ဆေးကို ပုံမှန်သောက်သုံးပြီး မှန်ကန်သော စားသောက်နေထိုင်မှု ပုံစံဖြင့်ဆိုလျှင် သာမန်လူများကဲ့သို့ သက်တမ်းရှည်ကြာစွာ နေထိုင်နိုင်ကြောင်း ဆေးပညာအသိုင်းအဝိုင်းက ပြောထားကြသည်။