ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ဘေးရှောင် သုံးရာကျော် အရေပြားရောဂါ ဖြစ်ပွားနေ 

စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက “ရောဂါဖြစ်တဲ့လူတွေ များလာပေမယ့် ဆေးရှာမရတာ၊ ပိုက်ဆံမရှိတာတွေကြောင့် ဆရာခိုလောက်ပဲ လိမ်းနိုင်တယ်။ ဆေးလိမ်းလို့သက်သာပေမယ့် ပြန်ဖြစ်တာတွေလည်းရှိတယ်” ဟု ပြောသည်။

By Admin 28 Aug 2024

၂၀၂၃ ခုနှစ်အတွင်း ပုဏ္ဏားကျွန်းမြို့နယ်မှ အရေပြားရောဂါ ဖြစ်ပွားနေသည့် စစ်ဘေးရှောင်ကလေးတစ်ဦး။
၂၀၂၃ ခုနှစ်အတွင်း ပုဏ္ဏားကျွန်းမြို့နယ်မှ အရေပြားရောဂါ ဖြစ်ပွားနေသည့် စစ်ဘေးရှောင်ကလေးတစ်ဦး။

DMG ၊ ဩဂုတ် ၂၈

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ သုံးရာကျော်အထိ အရေပြားရောဂါဖြစ်ပွားနေပြီး ဆေးဝါးကုသမှု အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း စစ်ဘေးအရေးကူညီပေးနေသူများထံမှ သိရသည်။ 

သောက်ရေသုံးရေ မသန့်ရှင်းမှု၊ အိမ်သာမလုံလောက်မှု၊ စုပြုံနေထိုင်ရမှု၊ ခြင်ထောင်နှင့် နေရာထိုင်ခင်းအခက်အခဲ တို့ကြောင့် အရေပြားရောဂါဖြစ်ပွားမှု မြင့်တက်လာခြင်းဖြစ်သည်။  

“အနာကြီးလိုမျိုးဖြစ်သူကပိုများတယ်။ ပန်းနီလာစစ်ရှောင်စခန်းမှာ ရောဂါဖြစ်တာပိုများတယ်။ ရေမသန့်တာတွေ၊ လူတွေပြွတ်သိပ်ပြီး နေကြရတာတွေကြောင့်လည်း ပိုအဖြစ်များကြတယ်” ဟု လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပန်းနီလာ စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၄၇၀ ရှိပြီး လူဦးရေအားဖြင့် ၂,၀၀၀ ကျော်ရှိကြောင်း သိရသည်။ 

ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်များမှာ ဇွန်လအစောပိုင်းမှစ၍ အရေပြားရောဂါဖြစ်ပွားနေခြင်းဖြစ်ပြီး ဆေးဝါးရှားပါးမှု၊ ‌ငွေကြေးအခက်အခဲကြောင့် လုံလောက်သောဆေးဝါးကုသမှု မရကြပေ။ 

စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက “ရောဂါဖြစ်တဲ့လူတွေ များလာပေမယ့် ဆေးရှာမရတာ၊ ပိုက်ဆံမရှိတာတွေကြောင့် ဆရာခိုလောက်ပဲ လိမ်းနိုင်တယ်။ ဆေးလိမ်းလို့သက်သာပေမယ့် ပြန်ဖြစ်တာတွေလည်းရှိတယ်” ဟု ပြောသည်။

လင်းရောင်ခြည်ဖောင်ဒေးရှင်းအနေဖြင့် အရေပြားရောဂါဖြစ်ပွားနေသည့် စစ်ဘေးရှောင်များအတွက် ဆေးဝါးအပြင် အခြားလိုအပ်ချက်များကို ကူညီပေးမှုများရှိသော်လည်း ငွေကြေးအခက်အခဲကြောင့် လုံလောက်မှုမရှိကြောင်း ဆိုသည်။ 

“ရောဂါဖြစ်နေတာကို ကုဖို့က ဆေးဝါးရှားတယ်။ ဆေးဆိုင်တွေမှာလည်း ဆေးကမရှိဘူး။ အနာတွေက ပြည်ပေါက်ပြီး အရည်ကြည်တွေကတစ်ဆင့် ရောဂါထပ်ဖြစ်တယ်။ ကုသဖို့လည်း ဆေးဝါးမရရှိနိုင်တော့ ‌ရောဂါဖြစ်သူတိုးလာတယ်။ စစ်ရှောင်တွေကို တတ်နိုင်သလောက် ကူကြစေချင်တယ်” ဟု တာဝန်ရှိသူက ပြောသည်။  

စစ်ကောင်စီ၏ ဖြတ်လေးဖြတ်စစ်ဗျူဟာကြောင့် ရခိုင်ဒေသအတွင်း ကုန်စည်၊ အခြေခံစားသောက်ကုန်၊ ဆေးဝါး ပြတ်လပ်မှုဒဏ်ကို ဆိုးရွားစွာရင်ဆိုင်နေရပြီး စစ်ဘေးရှောင်များမှာ ထိုဒဏ်ကိုပို၍ ခံစားကြရသည်။ 

ရခိုင်ပြည်တွင် စစ်ဘေးရှောင်ဦးရေ ၆ သိန်းကျော်ထိ တိုးလာနေပြီး လူသားချင်းစာနာမှု အကူအညီလိုအပ်ချက်မှာ အဆိုးရွားဆုံးအခြေအနေသို့ ရောက်ရှိနေသည်။