သံတွဲဒေသခံများ စစ်ဘေးတိမ်းရှောင်ရန် အခက်အခဲဖြစ်နေ 

ငပလီမြို့အနီး တိုက်ပွဲပြင်းထန်မှုကြောင့် သံတွဲလေဆိပ်ကို ဇွန်လ ၃ ရက်မှစ၍ ပိတ်ထားလိုက်ပြီး ကုန်းလမ်းခရီးကိုလည်း ကန့်သတ်ပိတ်ပင်ထား၍ ဒေသခံများမှာ မြို့ပေါ်၌ ပိတ်မိနေကြသည်။ 

By Admin 10 Jun 2024

သံတွဲဒေသခံများ စစ်ဘေးတိမ်းရှောင်ရန် အခက်အခဲဖြစ်နေ 

DMG ၊ ဇွန် ၁၀ 

ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် တိုက်ပွဲများ မြို့နှင့်တဖြည်းဖြည်းနီးကပ်လာ၍ မြို့နေပြည်သူများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်လိုကြသော်လည်း စစ်ကောင်စီက လမ်းခရီးသွားခွင့်ကန့်သတ်ထား၍ အခက်အခဲဖြစ်နေကြသည်။ 

ငပလီမြို့အနီး တိုက်ပွဲပြင်းထန်မှုကြောင့် သံတွဲလေဆိပ်ကို ဇွန်လ ၃ ရက်မှစ၍ ပိတ်ထားလိုက်ပြီး ကုန်းလမ်းခရီးကိုလည်း ကန့်သတ်ပိတ်ပင်ထား၍ ဒေသခံများမှာ မြို့ပေါ်၌ ပိတ်မိနေကြသည်။ 

“ထွက်ပြေးတိမ်းရှောင်ဖို့ လမ်းမရှိတော့ဘူး။ ပိတ်လောင်ခံထားရသလို ဖြစ်နေပြီ။ တိုက်ပွဲတွေကလည်း မြို့အနားထိရောက်လာတော့ ပိုပြီးစိုးရိမ်နေကြရပါတယ်” ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။ 

ကုန်းလမ်းခရီးသွားလာမှုကို ပညာရေး၊ ကျန်းမာရေးအတွက်သာ စစ်ကောင်စီက ခွင့်ပြုပေးထားပြီး၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်ပါမှသာ သွားခွင့်ပြုကြောင်း ဒေသခံများထံမှ သိရသည်။ 

လက်ရှိတွင် သံတွဲမြို့အတွင်း ကုန်စည်၊ ဆေးဝါးပြတ်လပ်မှုနှင့်အတူ ဈေးနှုန်းမြင့်တက်လာနေသဖြင့် ဒေသခံများမှာ နေထိုင်စားသောက်ရေးနှင့် ပတ်သက်၍ အခက်အခဲများ ကြုံတွေ့နေကြသည်။ 

“ကုန်စည်အဝင်မရှိတော့ ရက်တာကြာရှည်လာနဲ့အမျှ စားနပ်ရိက္ခာခက်ခဲလာတယ်။ အခြေခံလူတန်းစားတွေ ပိုခက်ခဲမှုကြုံရနိုင်တယ်” ဟု သံတွဲမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။ 

သံတွဲမြို့နယ်တွင် ပြီးခဲ့သည့် ဧပြီ ၁၃ ရက်မှစ၍ စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံအများအပြားမှာ ရန်ကုန်နှင့် အခြားဘေးလွတ်ရာအသီးသီးသို့ တိမ်းရှောင်သွားကြသည်။ မြို့နေလူဦးရေ ထက်ဝက်ခန့် အထူးသဖြင့် အခြေခံလက်လုပ်လက်စားများမှာ အခက်အခဲအမျိုးမျိုးကြောင့် ပိတ်မိနေကြသည်။ 

ဗီဒီယိုများ