နိုင်ငံရေးပါတီများ “ပထွေးမျှော်ကိုးဝါဒ” မကျင့်သုံးရန် ကရင်နီတပ်မတော် စစ်ဦးစီးချုပ် သတိပေး 

ကရင်နီပြည်တပ်မတော် (KA/KNDF) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်သည် ယနေ့ကျရောက်သည့် ၇၆ နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့တွင် ကရင်နီပြည်တပ်ပေါင်းစုံ တပ်မှူးတပ်သားများ၊ ကရင်နီပြည်တပ်မတော် တပ်မှူးတပ်သားများ၊ KNDF တပ်မှူးတပ်သားများ၊ ကရင်နီပြည်ရှိ KPDF များနှင့် ပြည်သူလူထုများကို မိန့်ခွန်းပြောကြားခဲ့သည်။ 

By Admin 17 Aug 2024

ကရင်နီပြည်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်။
ကရင်နီပြည်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်။

DMG ၊ ဩဂုတ် ၁၇

ကရင်နီပြည်တွင် လူထုတော်လှန်ရေးဆင်နွှဲနေချိန် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးသမားများအနေဖြင့် ပထွေးမျှော်ကိုးဝါဒကို မကျင့်သုံးရန် ကရင်နီပြည်တပ်မတော် (KA/KNDF) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်က သတိပေးပြောဆိုလိုက်သည်။ 

ယနေ့ကျရောက်သည့် ၇၆ နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့တွင် ကရင်နီပြည်တပ်ပေါင်းစုံ တပ်မှူးတပ်သားများ၊ ကရင်နီပြည်တပ်မတော် တပ်မှူးတပ်သားများ၊ KNDF တပ်မှူးတပ်သားများ၊ ကရင်နီပြည်ရှိ KPDF များနှင့် ပြည်သူလူထုများကို မိန့်ခွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။ 

လူထုတော်လှန်ရေးဆင်နွှဲနေချိန်တွင် ကရင်နီတပ်မတော်သည် လူထုနှင့်တစ်တန်းတည်း ရှိရမည်ဖြစ်ပြီး လူထုဆန့်ကျင်ရေး၊ လူထုနောက်မြီးဆွဲမလုပ်ကြရန်နှင့် လူထုကိုသာ ယုံကြည်ရမည်ဖြစ်ကြာင်း ဗိုလ်မှူးချုပ်အောင်မြတ်က ပြောသည်။ 

“ပြည်သူလူထုဆိုတဲ့နေရာမှာ အချောင်သမားတွေ၊ နိုင်ငံရေးအချောင်သမားတွေ၊ ကိုယ်ကျိုးရှာစီးပွားရေး အချောင်သမားတွေ မပါဝင်ပါ။ အဲဒီအချောင်သမားတွေကို အထူးသတိထားဖို့ လိုအပ်တယ်။ ကရင်နီပြည်အတွင်းရှိ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေအနေနဲ့ ပထွေးမျှော်ကိုးဝါဒကို မကျင့်သုံးဖို့ ပြောချင်တယ်။ သတိဆိုတာ ပိုသည်မရှိ လိုသည်ပဲရှိတယ်” ဟု ဆိုသည်။ 

၁၉၄၈ ခုနှစ်၊ ဩဂုတ် ၁၇ ရက်တွင် ရဲဘော် (၇) ဖော်ဖြင့် စတင်တည်ထောင်ခဲ့သည့် ကရင်နီပြည်တပ်မတော်သည် ကရင်နီပြည်အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် တည်ရှိသော လက်နက်ကိုင်အဖွဲ့ဖြစ်သည်။ ကရင်နီတပ်မတော်သည် လူမျိုးတစ်မျိုးတည်းကို ကိုယ်စားမပြုဘဲ တိုင်းပြည်တစ်ခုတည်းကိုသာ ကိုယ်စားပြုကြောင်း ဆိုထားသည်။ 

ထို့ကြောင့် ၇၆ နှစ်တိုင် တည်ရှိလာခြင်းဖြစ်ပြီး ယနေ့ ခုခံတော်လှန်တိုက်ပွဲဝင်နေသော ညီနောင်အဖွဲ့အစည်းမှ တပ်သား/ ရဲဘော်ရဲဘက်များအပေါ် စိတ်ရှည်သီးခံပြီး လက်တွဲခေါ်ရန် အထူးမှာကြားလိုကြောင်း ဗိုလ်မှူးချုပ် အောင်မြတ်က ပြောသည်။ 

ယနေ့ နွေဦးတော်လှန်ရေးတွင် လူငယ်များအနေဖြင့် လက်နက်ကိုင်တိုက်ပွဲဝင်နေခြင်းအပေါ် များစွာဂုဏ်ယူ ဝမ်းမြောက်မိပြီး တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် လုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။ 

“ခင်ဗျားတို့ လူငယ်တွေဟာ နောင်တစ်ချိန်အနာဂတ်မှာ တိုင်းပြည်ရဲ့ တာဝန်ကို ပုခုံးပြောင်း တာဝန်ယူရမယ့် လူတွေဖြစ်တယ်ဆိုတဲ့ ခံယူချက်နဲ့ အလုပ်လုပ်ဖို့ လိုတယ်၊ ခံစားချက်နဲ့ မလုပ်ကြပါနဲ့။ ပြီးတော့ တာဝန်ယူမှု တာဝန်ခံမှုကို အလေးအနက်ထားပြီး လုပ်ဆောင်ကြပါ” ဟု ကရင်နီပြည်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်က ဆိုသည်။ 

“အခု အချိန်ကစပြီး အလေ့အကျင့်တွေ လုပ်ဆောင်သွားဖို့လိုတယ်။ ခင်ဗျားတို့တာဝန်ယူမှု တာဝန်ခံမှု မရှိဘူး ဆိုရင် တိုင်းပြည်ရဲ့ အနာဂတ်ကို ဘယ်နားသွားထားမလဲ" ဆိုတာကိုတော့ လူငယ်ရဲဘော်တွေ၊ တပ်မှူးတွေ နှလုံးသွင်းဆင်ခြင်ပြီး ရှေ့ကိုဆက်လက် ချီတက်သွားကြဖို့ ပြောကြားလိုတယ်” ဟု ဗိုလ်မှူးချုပ်အောင်မြတ်က ဆက်ပြောသည်။ 

ယင်းအပြင် ကရင်နီပြည်တပ်မတော်အနေ၏ ဥပဒေ စစ်စည်းကမ်း၊ အမိန့်ညွှန်ကြားချက်၊ လူထုဥပဒေ၊ ဓလေ့ ထုံးတမ်း ဥပဒေများကို လိုက်နာကြရန်နှင့် ကမ္ဘာအရပ်ရပ်မှ ပြဌာန်းထားသော လူ့အခွင့်အရေးဆိုင်ရာစာချုပ်များ၊ စစ်သုံ့ပန်းဥပဒေများ၊ စစ်မြေပြင်တွင် စစ်သားများ လိုက်နာရမည့် ကျင့်ဝတ်များနှင့် ကလေးသူငယ်များနှင့် အမျိုးသမီးများကို အထူးကာကွယ် စောင့်ရှောက်ရန် အထူးမှာကြာထားသည်။

ကရင်နီပြည်တပ်မတော်သည် ကရင်နီပြည်တွင်း နေထိုင်နေသောသူများကို ကာကွယ်စောင့်ရှောက်ရန် တာဝန် ရှိပြီး ကျဆုံးသွားသည့် ရဲဘော်ရဲဘက်များ၏ ဝိဥာဉ်နှင့် အသက်ပေးသွားကြသော ပြည်သူများ၊ မြို့ပျက်၊ ရွာပျက်၊ အိမ်ပျက်၊ ဘဝပျက်သွားသော လူထုမျက်နှာများကို အောက်မေ့သတိရ နှလုံးသွင်းကြရမည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ်အောင်မြတ်က ပြောသည်။