စစ်ကောင်စီနှင့် တရုတ် လုံခြုံရေးကိစ္စများ ဆွေးနွေး

စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စမာကျားတို့ ဩဂုတ် ၂၈ ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြသည်။ 

By Admin 29 Aug 2024

စစ်ကောင်စီနှင့် တရုတ် လုံခြုံရေးကိစ္စများ ဆွေးနွေး

DMG ၊ ဩဂုတ် ၂၉

စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စမာကျားတို့ ဩဂုတ် ၂၈ ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ လုံခြုံရေးကိစ္စများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်နိုင်မည့် အခြေအနေများ၊ နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ တပ်မတော်နှစ်ရပ်အကြား သင်တန်းနှင့် လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

တရုတ်အရေးကျွမ်းကျင်သူ ဒေါက်တာ လှကျော်စောက ရှမ်းမြောက်နှင့် အခြား နယ်စပ်တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လေကြောင်းပစ်မှုများ တရုတ်ဘက်သို့ မကျရောက်စေရန် သတိပေးခြင်းဖြစ်နိုင်ကြောင်း ဆိုသည်။

“တရုတ် - မြန်မာ နယ်စပ်မှာ တရုတ်က စစ်ရေးလေ့ကျင့်ရေးတွေ လုပ်နေတာရှိတယ်။ အဲဒီကိစ္စတွေကို တရုတ်က ရှင်းပြဖို့အတွက် လာတွေ့တာထင်တယ်။ နောက်ပြီးတော့ ကျမတို့ဖက်မှာဖြစ်နေတဲ့ လေယာဉ်နဲ့ ဗုံးကြဲပစ်ခတ်မှု ဖြစ်ဖြစ်၊ ကျည်ဆံတွေပဲဖြစ်ဖြစ် တရုတ်ဖက်ကို ကျမှာကို စိုးရိမ်တဲ့အတွက် စစ်ကောင်စီကို သတိလာပေးတာလည်း ဖြစ်နိုင်တယ်။ နောက်ပြီးတော တပ်အချင်းချင်းကြားမှာ ဆက်သွယ်ရေးတွေလုပ်ဖို့ရှိတယ် ထင်တယ် ကြည့်ရတာ ” ဟု ဒေါက်တာ လှကျော်စောက ပြောသည်။

မစ္စမာကျားသည်  ဩဂုတ်လ ၂၇ ရက်တွင် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန ဦးသန်းဆွေနှင့်လည်း တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများ အကောင်အထည်ဖော်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA က သိမ်းပိုက်ပြီးနောက် တရုတ်သည် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆက်တိုက်ရှိလာသည်။ 

နိုင်ငံရေးသမားတစ်ဦးက “ရှမ်းမြောက်ဒေသတစ်ခုလုံးကို စစ်ကောင်စီက လက်လွှတ်ရမှုဟာ တရုတ်နယ်စပ်နဲ့ ဆက်စပ်နေတဲ့အတွက် တရုတ်နဲ့တိုက်ရိုက်အရေးပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ဖြစ်တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီက ရှုံးနိမ့်မှု ပိုများလာတဲ့အတွက် တရုတ်က စစ်ကောင်စီကိုအားမရတော့ဘူး။ ဒါကြောင့် တရုတ်က သူ့အကျိုးစီးပွားအတွက် စစ်ကောင်စီနဲ့ လာရောက်တွေ့ဆုံတာဖြစ်တယ်” ဟု ပြောသည်။

ထိုအတူ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မစ္စမာကျားတို့ ဩဂုတ်လ ၂၁ ရက်က တွေ့ဆုံခဲ့ပြီး ထိုတွေ့ဆုံမှုတွင် မြန်မာနိုင်ငံတွင်ရှိသည့် တရုတ်စီမံကိန်းများကို အစွမ်းကုန် ကာကွယ်သွားမည်ဖြစ်ကြောင်းဟု စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။