ရခိုင် လူမှုကူညီရေးအဖွဲ့များ အကျပ်အတည်းဖြစ်နေမှု စစ်ဘေးရှောင်များကို ထိခိုက်လာ

ငွေသားပြတ်လပ်လာခြင်း၊ ဖုန်း/အင်တာနက်လိုင်း ဖြတ်တောက်ခံထားရခြင်းကြောင့် လူမှုကူညီရေးလုပ်ငန်းများ လုပ်ကိုင်ရန် ခက်ခဲနေကြောင်း ဂွမြို့နယ်အခြေစိုက် လူမှုကူညီရေးလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။

By Admin 16 Jul 2024

ကျောက်ဖြူမြို့နယ်မှ စစ်ဘေးရှောင်မိသားစု တစ်စုအား ယခုနှစ်၊ ဇူလိုင်လအတွင်း တွေ့ရစဉ်။ 
ကျောက်ဖြူမြို့နယ်မှ စစ်ဘေးရှောင်မိသားစု တစ်စုအား ယခုနှစ်၊ ဇူလိုင်လအတွင်း တွေ့ရစဉ်။ 

DMG ၊ ဇူလိုင် ၁၆

ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ စစ်ရေးပဋိပက္ခအတွင်း လူမှုကူညီရေးအဖွဲ့အစည်းများမှာ လုပ်ကိုင်ရခက်ခဲလာကြောင်း လူမှုကူညီရေးလုပ်ကိုင်သူများထံမှ သိရသည်။

ငွေသားပြတ်လပ်လာခြင်း၊ ဖုန်း/အင်တာနက်လိုင်း ဖြတ်တောက်ခံထားရခြင်းကြောင့် လူမှုကူညီရေးလုပ်ငန်းများ လုပ်ကိုင်ရန် ခက်ခဲနေကြောင်း ဂွမြို့နယ်အခြေစိုက် လူမှုကူညီရေးလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။

“အခုအချိန်က ကျနော်တို့အတွက် အခက်ခဲဆုံးအချိန်ပဲ။ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရတော့ မြေပြင်မှာ ဘာတွေလိုအပ်နေလဲ မသိနိုင်ဘူး။ မြေပြင်ကို ဆင်းဖို့အတွက်လည်း လမ်းခရီကန့်သတ်မှုတွေ ရှိတယ်။ ဒီကြားထဲ ငွေသားပြတ်လပ်တဲ့ပြဿနာက ကြီးလာတော့ လုပ်ရတာတော်တော်ခက်ခဲတယ်” ဟု ၎င်းက ပြောသည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းချိန် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ ဖုန်းနှင့် အင်တာနက်လိုင်း ဖြတ်တောက်ခံထားရဆဲ မြို့နယ်ပေါင်း ၁၆၉ ခုရှိကြောင်း Athan - အသံအဖွဲ့က ထုတ်ပြန်ထားသည်။ 

ယင်းအထဲ ရခိုင်က ၁၇ မြို့နယ်ပါဝင်ပြီး နေရာကွက်ကြားသာ ဖုန်း၊ အင်တာနက် အနည်းငယ် အဆင်ပြေကြသည်။ ထို့ကြောင့် လူမှုကူညီရေးအဖွဲ့များမှာ အလှူရှင်များနှင့် အဆက်အသွယ်လုပ်ရန် အဆင်မပြေဖြစ်နေကြသည်။ 

“ဘဏ်စနစ်က လုံးဝရပ်တန့်နေတော့ KBZ pay တို့ Wave Money တို့ကိုပဲ အားကိုးနေရတာ။ အခုက ငွေသားရှားလာတော့ ငွေထုတ်ခတွေထိုးတက်နေတယ်၊ အလှူရှင်တွေနဲ့ စကားပြောရတာတွေ အဆင်မပြေဘူး” ဟု မြောက်ဦးအခြေစိုက် လူမှုကူညီရေးလုပ်ဆောင်နေသူ တစ်ဦးက ပြောသည်။

ရခိုင်တွင် ဘဏ်လုပ်ငန်းများ ရပ်တန့်နေခြင်းကြောင့် ဒေသခံများမှာ ငွေလွှဲငွေထုတ်အတွက် Online ငွေကြေးလည်ပတ်မှုစနစ်ကို အဓိကအားထားနေရသည်။ 

စစ်ကောင်စီကလည်း ငွေကြေးစီးဆင်းနိုင်သည့်လမ်းကြောင်းများကို ပိတ်ဆို့ဖြတ်တောက်ထား၍ ရခိုင်ပြည်အတွင်း ငွေသားများ တဖြည်းဖြည်းရှားပါးလာနေသည်။

လူမှုကူညီရေးအဖွဲ့အစည်းများ၏ အကျပ်အတည်းကြောင့် စစ်ဘေးရှောင်များနှင့် အခြေခံလူတန်းစားများမှာ စားဝတ်နေရေး၊ ကျန်းမာရေး အခက်အခဲများ ဆိုးရွားလာနေရသည်။

ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင်တစ်ဦးက “ကူညီထောက်ပံ့မှုတွေက လုံးဝပြတ်တောက်နေပြီ။ နေ့တိုင်း ထမင်းနှစ်ထပ်စားနိုင်ဖို့ ဘာလုပ်လို့လုပ်ရမယ်မှန်း မသိတော့ဘူး။ နည်းနည်းလောက် နေမကောင်းဖြစ်ရင်တောင် သောက်မယ့်ဆေးမရှိဘူး။ တာဝန်ရှိသူတွေက တစ်ခုခုစီစဉ်ပေးစေချင်တယ်။ မဟုတ်ရင် ငတ်သေသူသေ၊ ဆေးမကုနိုင်လို့ သေသူသေ ဖြစ်ကုန်မှာ” ဟု ပြောသည်။

ရခိုင်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ကြား စစ်ရေးပဋိပက္ခများကြောင့် ရခိုင်နှင့် ပလက်ဝဒေသတွင် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူပေါင်း ငါးသိန်းကျော်ရှိကြောင်း ULA က ထုတ်ပြန်ထားသည်။

ဗီဒီယိုများ