တရုတ်နှစ်သစ်ကူးနေ့ကို ရုံးပိတ်ရက်အဖြစ် စစ်ကောင်စီသတ်မှတ်

“တရုတ်နိုင်ငံနှင့် ဆွေးမျိုးဖော်ချစ်ကြည်ရင်နှီးမှုကို ပိုမိုခိုင်မာစေရန် မြန်မာနိုင်ငံ၏ အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထားကြောင်း” ဟု စစ်ကောင်စီက ဆိုသည်။

By Admin 09 Jul 2024

၂ဝ၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်က နေပြည်တော်တွင်ကျင်းပသည့် တရုတ်နှစ်သစ်ကူးပွဲသို့ တက်ရောက်ခဲ့သည့် စစ်ခေါင်းဆောင်နှင့် တရုတ်သံအမတ်ကြီး။
၂ဝ၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်က နေပြည်တော်တွင်ကျင်းပသည့် တရုတ်နှစ်သစ်ကူးပွဲသို့ တက်ရောက်ခဲ့သည့် စစ်ခေါင်းဆောင်နှင့် တရုတ်သံအမတ်ကြီး။

DMG ၊ ဇူလိုင် ၉ 

လာမည့် ၂၀၂၅ ခုနှစ် ပြက္ခဒိန်နှစ်အတွက် တစ်နိုင်ငံလုံး အများပြည်သူရုံးပိတ်ရက်တွင် တရုတ်နှစ်သစ်ကူးနေ့ကို ထည့်သွင်းသတ်မှတ်လိုက်ကြောင်း စစ်ကောင်စီက ဇူလိုင် ၈ ရက်နေ့တွင် ကြေညာသည်။ 

“တရုတ်နိုင်ငံနှင့် ဆွေးမျိုးဖော်ချစ်ကြည်ရင်နှီးမှုကို ပိုမိုခိုင်မာစေရန် မြန်မာနိုင်ငံ၏ အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထားကြောင်း” ဟု စစ်ကောင်စီက ဆိုသည်။

တရုတ်နှစ်သစ်ကူးနေ့ကို အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်လိုက်ခြင်းမှာ တရုတ်၏ အားပေးထောက်ခံမှုကိုရရှိရန် ကြိုးစားနေခြင်းသာဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်များက ပြောသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “စစ်ကောင်စီကို ဘယ်နိုင်ငံမှ အားပေးထောက်ခံမှု မရှိဘူး။ တရုတ်နဲ့ ရှရှားရဲ့ အားပေးထောက်ခံမှုကို ရရှိဖို့ ကြိုးစားနေတယ်။ ဒီလိုတရုတ်နှစ်သစ်ကူးနေ့ကို အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်တယ်ဆိုတာကလည်း မြန်မာပြည်ရဲ့အချုပ်အခြာအာဏာနဲ့ လုံးဝ မသက်ဆိုင်တဲ့ကိစ္စဖြစ်တယ်။ ဒါတွေက ဘာမှ ထူးခြားတဲ့အနေအထား ဖြစ်လာနိုင်စရာ အကြောင်းမရှိပါဘူး”ဟု ပြောသည်။

ရုံးပိတ်ရစ်အဖြစ်သတ်မှတ်ရန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင်တို့ ပြီးခဲ့သည့်နှစ်ကတည်းက ဆွေးနွေးတိုင်ပင်ခဲ့ခြင်း ဖြစ်သည်။ 

ယခုနှစ်အတွင်း တရုတ်နိုင်ငံဘက်မှအရာရှိများ နေပြည်တော်သို့ လာရောက်မှုများရှိသလို ဇွန်လကုန်ပိုင်းတွင် သမ္မတဟောင်းဦးသိန်းစိန် တရုတ်သို့သွားရောက်ခဲ့ပြီး၊ ဒုစစ်ခေါင်းဆောင်စိုးဝင်းလည်း တရုတ်သို့ ရောက်ရှိနေသည်။

ဒုစစ်ခေါင်းဆောင်ခရီးစဉ်တွင် မြန်မာနိုင်ငံအတွင်း အကောင်အထည်ဖော်နေသည့် စီမံကိန်းလုပ်ငန်းများအတွက် လုံခြုံရေးအပြည့်အဝရရှိစေရေး အခြေအနေများကို တရုတ်အစိုးရနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဗီဒီယိုများ