ဒီတစ်ပတ် အာရက္ခဒေသမှာ ဘာထူးသလဲ  

စစ်ရေးပြင်းထန်နေမှုနဲ့အတူ ဇူလိုင်လ ၈ ရက်မှ ၁၄ ရက်ထိ တစ်ပတ်အတွင်း ရခိုင်အရေးနဲ့ပတ်သက်တဲ့ သတင်းတွေ၊ ထူးခြားချက်တွေကို DMG က ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

By Admin 15 Jul 2024

ဒီတစ်ပတ် အာရက္ခဒေသမှာ ဘာထူးသလဲ  

ပြည်သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ အာရက္ခတပ်တော်(AA)ရဲ့ ထိုးစစ်ဆင်မှုတွေနဲ့အတူ ရခိုင်ပြည်ခေါ် အာရက္ခဒေသမှာ တိုက်ပွဲတွေပြင်းထန်နေတာ (၈)လကျော်လာပြီဖြစ်ပါတယ်။

စစ်ရေးပြင်းထန်နေမှုနဲ့အတူ ဇူလိုင်လ ၈ ရက်မှ ၁၄ ရက်ထိ တစ်ပတ်အတွင်း ရခိုင်အရေးနဲ့ပတ်သက်တဲ့ သတင်းတွေ၊ ထူးခြားချက်တွေကို DMG က ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

■ ခက်ခဲပြင်းထန်လှတဲ့ သံတွဲတိုက်ပွဲ 

ရေစင်ကျေးရွာနဲ့ ဂွေ့ချောင်းကျေးရွာကြားမှာ ဧပြီလ ၁၃ ရက် ထိတွေ့တိုက်ပွဲနဲ့အတူ စတင်လာတဲ့ သံတွဲတိုက်ပွဲဟာ ပြင်းထန်နေဆဲပဲ ဖြစ်ပါတယ်။ အာရက္ခတပ်တော်(AA)ရဲ့ ဇူလိုင် ၇ ရက်ထုတ်ပြန်ချက်မှာ “မြို့သိမ်းတိုက်ပွဲတွေထဲ သံတွဲတိုက်ပွဲဟာ ခက်ခဲသော မြို့သိမ်းတိုက်ပွဲဖြစ်ကြောင်း” ဆိုထားပါတယ်။ 

သံတွဲမြို့နယ်မှာ စစ်ကောင်စီရဲ့ ငပလီအခြေစိုက် ခမရ(၅၆၆)၊ ခလရ(၅၅) နဲ့အတူ မောင်ရွှေလေးရေတပ်စခန်း တို့ တည်ရှိပါတယ်။ ခမရ (၅၆၆) ကို ဇွန်လ ၂၇ ရက်၊ ခလရ (၅၅)ကို ဇူလိုင် ၉ ရက်နေ့မှာ AA က သိမ်းပိုက်နိုင်ခဲ့ပါတယ်။ 

သံတွဲတိုက်ပွဲအတွင်း မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း အခြေစိုက်တပ်ရင်း (၂၀) ခန့်မှ စစ်ကောင်စီတပ်သားများလည်း ပူးပေါင်းတိုက်ခိုက်နေတယ်လို့ AA က ဆိုပါတယ်။ 

ငပလီတပ်ရင်းတွေကို သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီဟာ သံတွဲမြို့အတွင်းမှာ စစ်အင်အား ထပ်မံဖြည့်တင်းပြီး ခံစစ်ပြင်ဆင်နေသလို AA ကလည်း သံတွဲမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေပါတယ်။ 

■ လယ်မထွန်နိုင်တော့တဲ့ လယ်သမားတွေ 

ရခိုင်ပြည်ရဲ့ ပင်မအသက်သွေးကြော လယ်ယာလုပ်ငန်းဟာ အခုနှစ်မှာ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်နေရသလို လာမယ့်နှစ် ပြည်တွင်း စားနပ်ရိက္ခာဖူလုံရေးဟာလည်း ရတက်မအေးစရာ ဖြစ်လို့နေပါတယ်။ 

ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေတာကြောင့် တောင်သူတွေမှာ လယ်ယာလုပ်ဖို့ သွင်းအားစုစရိတ်ကြီးမားမှု၊ ဓာတ်မြေဩဇာ၊ စက်သုံးဆီ ရှားပါးမှုနဲ့ ဈေးမြင့်တက်မှုတွေကြောင့် လယ်ဧကလျော့ပြီး စိုက်ပျိုးနေကြရပါတယ်။ 

လယ်တစ်ဧကစိုက်ပျိုးဖို့ အနည်းဆုံး ၁၀ သိန်းလောက် သွင်းအားစုစရိတ်လိုအပ်ပြီး အဲဒီအရင်းအနှီးငွေ မရှိလို့ လယ်မလုပ်နိုင်တဲ့ တောင်သူတွေလည်း အများအပြားရှိနေပါတယ်။ 

“သွင်းအားစုစရိတ်တွေ အရမ်းများနေတော့ လယ်သမားအများစုက ဒီနှစ်မှာ စပါးလျော့စိုက်ကြတယ်” လို့ ပုဏ္ဏားကျွန်းမြို့နယ်က လယ်သမားတစ်ဦးက ပြောပါတယ်။ 

ရခိုင်က လယ်သမားတွေမှာ ပြီးခဲ့သည့်နှစ်က ရိတ်သိမ်းသိုလှောင်ထားတဲ့ စပါးတွေဟာလည်း ရောင်းမထွက်ဘဲ သောင်တင်နေတာကြောင့် စားဝတ်နေရေးအခက်အခဲတွေ ဖြစ်ပေါ်နေကြပါတယ်။ 

■ ငွေသားရှားပါးမှုပြဿနာ 

ရခိုင်ဒေသမှာ ဘဏ်လုပ်ငန်းများရပ်တန့်နေပြီး Online ငွေလွှဲငွေထုတ်လုပ်ငန်းတွေကို အားကိုးနေရပါတယ်။ ပြည်တွင်းမှာရှိနေတဲ့ငွေကိုပဲ လှည့်ပတ်သုံးစွဲနေရတဲ့သဘောပါပဲ။ Online ဆိုင်တွေမှာလည်း ငွေကြေးအများအပြား လက်ဝယ်ရှိသူထံက ငွေကိုဝယ်ပြီး တစ်ဆင့်ခံ ထုတ်ပေးနေကြသူတွေ များပါတယ်။ 

ပြည်တွင်းမှာရှိနေတဲ့ ငွေအများအပြားဟာလည်း ကုန်ပစ္စည်းတင်သွင်းဖို့အတွက် အိန္ဒိယ၊ ဘင်္လားဒေ့ရှ် ငွေတွေနဲ့ လဲလှယ်လိုက်ရတာ ရှိပါတယ်။ 

လက်ရှိမှာတော့ ငွေသားပြတ်လပ်မှုဟာ ဆိုးဆိုးရွားရွားကို ဖြစ်လာနေပြီး Online ငွေကြေးဝန်ဆောင်မှုဆိုင်တချို့ ရပ်နားထားရသလို ငွေထုတ်ခကလည်း တစ်သိန်းကို ၁၆ ရာခိုင်နှုန်းအထိ ပေးနေရပါတယ်။ စစ်ဘေးဒဏ်သင့်ပြည်သူတွေမှာတော့ အဆင်မပြေမှုတွေနဲ့ ရုန်းကန်လှုပ်ရှားနေရဆဲပါ။ 

■ ကုန်ပစ္စည်းပြတ်လပ်မှု အကျိုးဆက် 

တိုက်ပွဲစတင်ချိန်ကစလို့ ရခိုင်ဒေသကို စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်း ပိတ်ဆို့ပြီး ကုန်စည်ဝင်ရောက်မှုကို ဖြတ်တောက်ထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာတော့ AA က ပလက်ဝမြို့နယ်ကို သိမ်းပိုက်ပြီးတဲ့အခါ ရခိုင် - ပလက်ဝ - အိန္ဒိယ ကုန်သွယ်ရေးလမ်းကြောင်းတစ်ခု ပေါ်လာခဲ့လို့ အနည်းငယ်လောက် အဆင်ပြေခဲ့ကြပါတယ်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်ကနေ ချင်းပြည်နယ်၊ ပလက်ဝကိုဖြတ်ပြီး ရခိုင်သို့တင်သွင်းနေတဲ့ ကုန်သွယ်ရေးလမ်းကို မီဇိုရမ်အခြေစိုက် လူငယ်အစည်းအရုံး(CYLA)က ဇွန်လ ၂၄ ရက်မှာ ပိတ်ပင်လိုက်ပါတယ်။ 

ကုန်သည်ရာနှင့်ချီဟာ ကုန်ပ္စည်းအများအပြားနဲ့အတူ လမ်းမှာပိတ်မိနေကြပြီး ကုန်ပစ္စည်းတွေမီးရှို့ဖျက်ဆီးခံရမှု၊ ခြိမ်းခြောက်ငွေညှစ်မှုတွေလည်း ရှိနေတယ်လို့ ပြောကြပါတယ်။ 

လမ်းကြောင်းပိတ်ဆို့ခြင်းအကျိုးဆက်အဖြစ် ချင်းပြည်နယ်အပါအဝင် ရခိုင်ပြည်အတွင်းမှာ ကုန်ပစ္စည်းပြတ်လပ်မှု၊ ဆေးဝါးပြတ်လပ်မှုနဲ့အတူ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်မှုဒဏ်တွေကို အလူးအလဲ ရင်ဆိုင်နေကြရပါတယ်။ 

■ စစ်ဘေးရှောင်များအရေးဒုက္ခ

ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်တွေမှာ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ဆိုးရွားစွာကြုံတွေ့နေရပါတယ်။

အမိုးအကာမလုံခြုံမှု၊ ခြင်ထောင်မလုံလောက်မှု၊ သောက်သုံးရေမသန့်ရှင်းမှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု စတာတွေ ကြောင့် ငှက်ဖျားရောဂါ၊ ဝမ်းရောဂါ၊ အရေပြားရောဂါတွေ ဖြစ်ပေါ်နေကြပါတယ်။ 

သံတွဲမြို့နယ်က စစ်ဘေးရှောင်ကလေးငယ်တွေ အရေပြားရောဂါဝေဒနာကို ခံစားနေရသလို ပုဏ္ဏားကျွန်းက စစ်ဘေးရှောင်တွေမှာလည်း ငှက်ဖျားရောဂါဖြစ်နေကြပြီး ဆေးဝါးကုသမှုခံယူဖို့ အရေးပေါ်လိုအပ်နေပါတယ်။ 

ရခိုင်ဒေသကို အင်တာနက်နဲ့ လမ်းခရီးဖြတ်တောက်ထားတာကြောင့် စစ်ဘေးရှောင်တွေမှာ အကူအညီအထောက်အပံ့ရရှိမှု မရှိသလောက် နည်းပါးနေပါတယ်။ လမ်းပိတ်ဆို့ခံရမှုအကျိုးဆက်ဖြစ် စားကုန်နဲ့အတူ ဆေးဝါးပြတ်လပ်မှု ဖြစ်ပေါ်နေပြီး ဆေးဝါးမှီဝဲခွင့်မရလို့ အသက်သေဆုံးသူတွေလည်း ရှိနေပါတယ်။ 

■ အိန္ဒိယစိတ်ပူနေတဲ့ ကုလားတန်စီမံကိန်း

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ စီမံကိန်းတွေကို ထိရောက်စွာကာကွယ်ပေးဖို့ အိန္ဒိယအစိုးရက စစ်ကောင်စီကို ပြီးခဲ့တဲ့ဇွန်လအတွင်း ပြောကြားခဲ့ပါတယ်။ ဇွန်လ ၁၀ ရက်မှာလည်း နေပြည်တော်မှာ နှစ်နိုင်ငံတာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြပါတယ်။ 

ရခိုင်ဒေသကို အဓိကအခြေခံထားတဲ့ ကုလားတန်စီမံကိန်းလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ နယ်မြေဒေသတွေကို အာရက္ခတပ်တော်(AA) က သိမ်းပိုက်ပြီးနောက်မှာ စစ်ကောင်စီကို ဖိအားပေးနေတာလည်း ဖြစ်ပါတယ်။ 

ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းကို ဒေါ်လာသန်း ၅၀၀ ခန့် ရင်းနှီးမြှုပ်နှံကာ ၂၀၀၈ ခုနှစ်မှာ သဘောတူလက်မှတ်ထိုးခဲ့ကြတာပါ။ အိန္ဒိယအနေနဲ့ စီမံကိန်းကို အကောင်အထည်ဖော်မယ်ဆိုရင် AA နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်လာရလိမ့်မယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ 

■ ဒီအစီအစဉ်ကို တနင်္လာနေ့တိုင်း တင်ဆက်ပေးသွားမှာပါ။ 

ဗီဒီယိုများ