DMG သတင်းဌာနမှ သတင်းထောက် ကိုထက်အောင်နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်းအောင် တို့ကို စစ်ကောင်စီက ထောင်ဒဏ် ၅ နှစ်စီ ချမှတ်မှုအပါ် ကန့်ကွက်ရှုတ်ချခြင်း

DMG သတင်းထောက် ကိုထက်အောင် နှင့် ညစောင့်ဝန်ထမ်း ကိုစိုးဝင်းအောင် တို့ကို စစ်ကောင်စီ၏ စစ်တွေမြို့နယ်တရားရုံးမှ ယနေ့  ဇွန်လ ၂၈ ရက်တွင် အလုပ်နှင့် ထောင်ဒဏ် ၅ နှစ်စီ အမိန့်ချမှတ်လိုက်သည်။

By Admin 28 Jun 2024

DMG သတင်းထောက် ထက်အောင်သည် စစ်အာဏာသိမ်းပြီးနောက် ရခိုင်ပြည်တွင် ပထမဆုံးဖမ်းဆီးခံရသည့် သတင်းသမားဖြစ်သည်။
DMG သတင်းထောက် ထက်အောင်သည် စစ်အာဏာသိမ်းပြီးနောက် ရခိုင်ပြည်တွင် ပထမဆုံးဖမ်းဆီးခံရသည့် သတင်းသမားဖြစ်သည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၈) ရက်

ရခိုင်ပြည်၊ စစ်တွေမြို့၊ ဝင်္ကဘာကွင်းတွင် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၉ ရက်နေ့က ပြုလုပ်ခဲ့သည့် သီတင်းကျွတ်လပြည့်နေ့ ဆွမ်းဆန်စိမ်းလောင်းပွဲကို သတင်းဓာတ်ပုံရိုက်နေစဉ် ဖမ်းဆီးခံလိုက်ရသည့် DMG သတင်းထောက် ကိုထက်အောင် နှင့် ထိုနေ့တွင် DMG ရုံးကို စစ်ကောင်စီက ဝင်ရောက်စီးနင်းစဉ် ဖမ်းဆီးခံ လိုက်ရသည့် ညစောင့်ဝန်ထမ်း ကိုစိုးဝင်းအောင် တို့ကို စစ်ကောင်စီက ယနေ့ (ဇွန်လ ၂၈ ရက်) တွင် အလုပ်နှင့် ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်သည်။

၎င်းတို့နှစ်ဦးအား စစ်တွေမြို့၊ အမှတ် (၁) ရဲစခန်းမှ ရဲအုပ် ဗိုလ်ဗိုလ်ကျော်က တရားလိုလုပ်ကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၂(က) ဖြင့် တရားစွဲဆိုထားသည်ကို စစ်တွေမြို့နယ်တရားရုံးမှ ယနေ့တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

DMG သတင်းထောက် ကိုထက်အောင်ကို ဖမ်းဆီးစဉ် စစ်ကောင်စီသည် ခြိမ်းခြောက်အကျပ်ကိုင်ကာ DMG ရုံး တည်ရှိရာသို့လိုက်ပြခိုင်းပြီး ရုံးကို ဝင်ရောက်စီးနင်းကာ ညစောင့် ကိုစိုးဝင်းအောင်ကိုပါ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထို့နောက် ရုံးအတွင်းကို ဝင်ရောက်မွှေနှောက်ကာ သတင်းလုပ်ငန်းသုံးပစ္စည်းများ (ကင်မရာ၊ ကွန်ပျူတာ၊ ရိုက်ကူးရေးသုံးပစ္စည်းများ)၊ မှတ်တမ်းစာရွက်စာတမ်းများ၊ ဘဏ်စာအုပ်များ၊ ဝန်ထမ်းလစာ ငွေသားနှင့် ရုံးပိုင်ပစ္စည်းအားလုံးကို သိမ်းဆည်းယူဆောင်သွားခဲ့ပြီး ရုံးကိုလည်း ချိတ်ပိတ်သွားခဲ့သည်။

ကိုထက်အောင်နှင့် ကိုစိုးဝင်းအောင်တို့ ဖမ်းဆီးခံရပြီး အမှတ်(၁)ရဲစခန်း အချုပ်ထဲတွင် ချုပ်နှောင်ခံထားရစဉ် မိသားစုဝင်များနှင့်တွေ့ဆုံခွင့်မပေးဘဲ စစ်တွေမြို့ရှိ စစ်ကြောရေးသို့ နှစ်ကြိမ်ထက်မနည်း ပို့ဆောင်ခံခဲ့ရသည်။

ထို့နောက် ဆက်သွယ်ရေးဥပဒေပုဒ်မ - ၆၅ ဖြင့် ချုပ်ရမန်ယူကာ စစ်တွေအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်။ ဆက်သွယ်ရေးဥပဒေဖြင့် ချုပ်ရမန်ပြည့်မြောက်ချိန်တွင် သူတို့နှစ်ဦးကို အပြစ်မရှိအပြစ်ရှာကာ ဆိုင်ကယ် “ခိုးမှု” ဖြင့် ရမန်ကြီးတစ်ပတ် ထပ်ယူခဲ့သေးသည်။

ကိုထက်အောင်နှင့် ကိုစိုးဝင်းအောင်တို့ကို ၂၀၂၃ ဒီဇင်ဘာလ ၁ ရက်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ- ၅၂(က) ဖြင့် ပြောင်းလဲအမှုဖွင့်လှစ်ခဲ့သည်။ ထို့သို့ပြောင်းလဲအမှုဖွင့်လှစ်ခြင်းမှာ DMG သတင်းဌာနမှ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၅ ရက်တွင် ဖော်ပြခဲ့သော “လူမျိုးတုံးသတ်ဖြတ်မှုကို အရေးယူပေးရန် မွတ်ဆလင်များ တောင်းဆို” သတင်းနှင့်ပတ်သက်၍ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

တရားရုံး၏ သတ်မှတ်ရုံးချိန်းများတွင် တရားလို ရဲအုပ် ဗိုလ်ဗိုလ်ကျော်သည် ရုံးချိန်းလာရောက်ရန် အကြိမ်ကြိမ် ပျက်ကွက်ခဲ့ပြီး ကိုထက်အောင်နှင့် ကိုစိုးဝင်းအောင်တို့မှာ ဖမ်းဆီးခံရပြီး ၈ လအကြာ ယနေ့(ဇွန်လ ၂၈ ရက်) တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၂(က) ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခံလိုက်ရခြင်း ဖြစ်သည်။

စစ်တွေမြို့၊ အမှတ် (၁) ရဲစခန်းမှ ရဲအုပ် ဗိုလ်ဗိုလ်ကျော်မှ တရားလိုပြုလုပ်ထားသည့်အမှုတွင် ကိုထက်အောင် နှင့် ကိုစိုးဝင်းအောင် အပြင် နောက်ထပ် DMG ဝန်ထမ်း (သတင်းထောက်နှင့် အယ်ဒီတာများအပါအဝင်) ၁၈ ဦး ကိုလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ- ၅၂(က) ဖြင့် အမှုဖွင့်လှစ်ထားပြီး လက်ရှိတွင် DMG ဝန်ထမ်း ၁၈ ဦးမှာ တရားခံပြေးများအဖြစ် သတ်မှတ်ခံထားရသည်။

စစ်ကောင်စီသည် DMG သတင်းဌာန အယ်ဒီတာချုပ် ဦးအောင်မင်းဦးကို မတရားအသင်းဆက်သွယ်မှုဥပဒပုဒ်မ ၁၇ (၂) ဖြင့် ၂၀၁၉ ခုနှစ်၊ မေလ (၁) ရက်နေ့တွင် အမှုဖွင့်လှစ်ခဲ့သည်။ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်တွင်လည်း DMG သတင်းဌာနမှ တာဝန်ခံအယ်ဒီတာနှစ်ဦးနှင့် သတင်းထောက်နှစ်ဦးကို ဆက်သွယ်ရေးဥပဒေပုဒ်မ - ၆၆(ဃ)၊ နိုင်ငံတော်အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ - ၅၀၅(က) တို့ဖြင့် အမှုဖွင့်ခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီသည် သတင်းအမှောင်ချရန်အတွက် လွတ်လပ်သောသတင်းဌာနများကို ပိတ်သိမ်း၊ သတင်းထောက်များကို ဖမ်းဆီး၊ ဥပဒေကို လိုသလိုဆွဲသုံးကာ သတင်းထောက်များ၏ သတင်းရယူပိုင်ခွင့်နှင့် ပြည်သူတို့၏ သတင်းသိပိုင်ခွင့်ကို နည်းမျိုးစုံဖြင့် နှောင့်ယှက်ပိတ်ပင်နေပြီး လက်ရှိတွင်လည်း အင်တာနက်နှင့် ဖုန်းလိုင်းများကို ဖြတ်တောက်ကာ မြန်မာပြည်သူတစ်ရပ်လုံးအား သတင်းအမှောင်ချလျက် ရှိနေပေသည်။ 

လက်နက်ကိုင်ပဋိပက္ခကြားတွင် စစ်ကောင်စီသည် အပြစ်မဲ့ အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများအပြင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ ဖမ်းဆီးမှုများကို ကျူးလွန်နေပြီး ၎င်းတို့၏လုပ်ရပ်များကို ဖုံးကွယ်ရန်အတွက် သတင်းမီဒီယာများကို ဆက်လက်ဖိနှိပ်လျက်ရှိနေသည်။

လက်ရှိတွင်လည်း DMG သတင်းဌာနမှဝန်ထမ်းနှစ်ဦးအား အလုပ်နှင့်ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်ခြင်းသည် သတင်းမီဒီယာများကို ဖိနှိပ်ရုံသာမက သတင်းလွတ်လပ်ခွင့်၊ သတင်းသမားဘေးကင်းလုံခြုံခွင့်၊ ပြည်သူများ သတင်းမှန်သိပိုင်ခွင့်အား ရိုက်ချိုးရာလည်း ရောက်ပေသည်။ 

ထို့ကြောင့် DMG သတင်းဌာနမှ သတင်းထောက် ကိုထက်အောင်နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်းအောင် တို့အား စစ်ကောင်စီက ထောင်ဒဏ် မတရား ချမှတ်လိုက်ခြင်းအပေါ်  ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့် ၎င်းတို့နှစ်ဦးအပါအဝင် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များ၌ ပုဒ်မအမျိုးမျိုးဖြင့် ဖမ်းဆီးခံထားရသည့် သတင်းသမားများအားလုံးကို လွှတ်ပေးရန်အတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရများက စစ်ကောင်စီအား ဖိအားပေးရန် တိုက်တွန်း တောင်းဆိုလိုက်ပါသည်။

PDF File >