သံတွဲမြို့အတွင်း လက်နက်ကြီးကျ၍ ဒေသခံနှစ်ဦး ဒဏ်ရာရ 

စာနီတောင်အနီးရှိ သူခိုးစမ်း စစ်ကောင်စီစခန်းမှ ပစ်ခတ်သောလက်နက်ကြီးမှာ သံတွဲမြို့၊ ညောင်ပင်စျေးအတွင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

By Admin 10 Jul 2024

သံတွဲမြို့တွင်းတစ်နေရာကို ဇွန်လ ၂၉ ရက်က မြင်တွေ့ရစဉ်။ 
သံတွဲမြို့တွင်းတစ်နေရာကို ဇွန်လ ၂၉ ရက်က မြင်တွေ့ရစဉ်။ 

DMG ၊ ဇူလိုင် ၁၀ 

ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး ယမန်နေ့ ဇူလိုင် ၉ ရက်က သံတွဲမြို့အတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့၍ အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်။ 

စာနီတောင်အနီးရှိ သူခိုးစမ်း စစ်ကောင်စီစခန်းမှ ပစ်ခတ်သောလက်နက်ကြီးမှာ သံတွဲမြို့၊ ညောင်ပင်စျေးအတွင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

“လက်နက်ကြီးသုံးလုံးပစ်တာပါ။ ဒွါရာဝတီမြို့သစ်မှာ တစ်လုံးကျတယ်။ မြို့အပြင်မှာ တစ်လုံးကျတယ်။ ညောင်ပင်စျေးမှာကျတဲ့ အလုံးကြောင့် ဈေးထဲက လင်မယားနှစ်ယောက်စလုံး ဒဏ်ရာရသွားတယ်။ မိန်းမကတော့ မျက်နှာမှာ မြင်မကောင်းအောင်ထိသွားတာ။ သူ့ယောက်ျားကတော့ ခြေထောက်မှာ လက်နက်အစမှန်သွားတယ်” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ 

သံတွဲဒေသခံတစ်ထောင်ခန့်မှာ ငွေကြေးအခက်အခဲ၊ လမ်းခရီးပိတ်ဆို့မှုများကြောင့် မြို့တွင်း၌ရှိနေသေးပြီး တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်၍ ဘေးလွတ်ရာသို့ တိမ်းရှောင်လိုကြသော်လည်း စစ်ကောင်စီက ထွက်ခွင့်မပြုပေ။ 

“တိုက်ပွဲကတော့ နေ့တိုင်းဖြစ်နေကြတာပါ။ မနက်ကလည်း လေယာဉ်တွေ ဝဲတယ်။ နေဗီကလည်း ပစ်တယ်။ မြို့တွင်း‌နေထိုင်သူတွေ အနေနဲ့ကတော့ စိုးရိမ်မှုအများကြီးရှိပါတယ်။ တခြားနေရာကို သွားမယ်ဆိုရင်လည်း စစ်ကောင်စီက ပိတ်ထားတယ်”  ဟု သံတွဲဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

ဇူလိုင် ၂ ရက်ကလည်း လေကြောင်းပစ်ခတ်မှုကြောင့် သံတွဲမြို့နယ်၊ မြုံပြင်ကျေးရွာတွင် ကလေးအပါအ၀င် အမျိုးသမီး (၅) ဦး ဒဏ်ရာရရှိခဲ့သည်။ 

သံတွဲတိုက်ပွဲ နှစ်လကျော်အတွင်း စစ်ကောင်စီ၏ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးနှင့် ပစ်ခတ်မှုတို့ကြောင့် သံတွဲမြို့နယ်အတွင်း အရပ်သားထိခိုက်သေဆုံးသူဦးရေ ၁၃၀ ကျော် အထိရှိနေသည်။

သံတွဲမြို့နယ်၊ ငပလီအခြေစိုက် ခမရ (၅၆၆) နှင့် သံတွဲလေဆိပ်ကို အာရက္ခတပ်တော်က သိမ်းပိုက်ထားပြီး ခလရ (၅၅) တပ်ရင်းကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေ၍ နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည်။