လက်နက်ကြီးကျ၍ ပုဏ္ဏားကျွန်းဈေးမီးလောင်မှုတွင် ဆိုင်ခန်းပေါင်း ၃၀၀ ကျော် ပျက်စီးဆုံးရှုံး

ပုဏ္ဏားကျွန်းဈေးတွင် လက်နက်ကြီးကျရောက်ခြင်းမှာ ရခိုင်စစ်ပွဲကာလအတွင်း အရပ်သားပြည်သူများ ဒုက္ခရောက်အောင် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်းဟု ဒေသခံများက ပြောသည်။ 

By Admin 25 Nov 2023

လက်နက်ကြီးကျည်ကျ၍ မီးလောင်ပျက်စီးသွားသည့် ပုဏ္ဏားကျွန်းမြို့မစျေးအား နိုဝင်ဘာလ ၂၅ ရက်တွင် တွေ့ရစဥ်။ (ဓာတ်ပုံ - CJ)
လက်နက်ကြီးကျည်ကျ၍ မီးလောင်ပျက်စီးသွားသည့် ပုဏ္ဏားကျွန်းမြို့မစျေးအား နိုဝင်ဘာလ ၂၅ ရက်တွင် တွေ့ရစဥ်။ (ဓာတ်ပုံ - CJ)

DMG ၊ နိုဝင်ဘာ ၂၅

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့၊ မြို့မဈေးတွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ဆိုင်ခန်းပေါင်း ၃၀၀ ကျော် မီးလောင်ပျက်စီး ဆုံးရှုံးသွားကြောင်း ဒေသခံများနှင့် ဆိုင်ခန်းပိုင်ရှင်များထံမှ သိရသည်။ 

နိုဝင်ဘာ ၂၄ ရက်၊ မွန်းလွဲ ၂ နာရီကျော်တွင် စစ်ကောင်စီနေဗီမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျ၍ ဈေးတစ်ခုလုံးနီးပါး မီးလောင်သွားခဲ့ပြီး ဈေးထဲရှိ အထည်ဆိုင်၊ စားကုန်ဆိုင်၊ ဆေးဆိုင်၊ ဆန်ဆိုင်၊ လျှပ်စစ်ပစ္စည်းဆိုင် အပါအဝင် အခြားလူသုံးကုန်အရောင်းဆိုင်ခန်းများ ပျက်စီးဆုံးရှုံးသွားခြင်းဖြစ်သည်။ 

စားကုန်ဆိုင်ခန်းပိုင်ရှင် အမျိုးသမီးတစ်ဦးက “ဆိုင်ခန်း ၂ ခန်းလုံး ပါသွားတယ်။ ပစ္စည်းတွေအကုန်လုံး ဆုံးရှုံးသွားတယ်။ ဘယ်ကဘယ်လို ပြန်စရမယ်မှန်းတောင် မသိတော့ဘူး” ဟု သူက ပြောသည်။ ပျက်စီးဆုံးရှုံးမှုတန်ဖိုး သိန်းတစ်ထောင်ခန့်ရှိသဖြင့် ပြန်လည်နာလန်ထူနိုင်ရေးအတွက် ခက်ခဲသွားပြီဖြစ်ကြောင်း အထက်ပါအမျိုးသမီးက ပြောသည်။  

ပုဏ္ဏားကျွန်းမြို့မစျေး မီးလောင်ပျက်စီးမှုနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ပြည်နယ်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူများကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။ 

ပုဏ္ဏားကျွန်းမြို့အလယ်ရှိ ကင်းတောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် နတ်ဆိပ်ကျေးရွာအနီး ကုလားတန်မြစ်ကြောရှိ စစ်ကောင်စီနေဗီက ပစ်ခတ်မှုများကြောင်း မြို့မစျေးမီးလောင်သွားခြင်းဖြစ်ကာ လက်ရှိမှာ မြို့ခံအများစုမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။ 

တိုက်ပွဲဖြစ်ပွားမှု မရှိသေးသည့် ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုများ၊ လေယာဉ်ဖြင့် ပစ်ခတ်မှုများရှိနေပြီး ဒေသခံပြည်သူများမှာ စိုးရိမ်ထိတ်လန့်မှုများ ရှိနေသည်။ 

ပုဏ္ဏားကျွန်းဈေးတွင် လက်နက်ကြီးကျရောက်ခြင်းမှာ ရခိုင်စစ်ပွဲကာလအတွင်း အရပ်သားပြည်သူများ ဒုက္ခရောက်အောင် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်းဟု ဒေသခံများက ပြောသည်။ 

“စစ်ကောင်စီက တမင်တကာ ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်လိုက်တာဖြစ်တယ်။ ဒီလို ရာဇဝတ်မှုကျူးလွန်သူတွေကို ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေကို ပေးစေချင်တယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ပုဏ္ဏားကျွန်းမြို့ခံ နောက်ထပ်အမျိုးသားတစ်ဦးကလည်း “အခုလို စစ်ကောင်စီက ပစ်ခတ်တာဟာ ပြည်သူတွေကို အငတ်ဘေးရောက်အောင် တမင်ရည်ရွယ်ပြီး နှိပ်စက်တာ ဖြစ်တယ်” ဟု ပြောသည်။

သို့သော်လည်း ပုဏ္ဏားကျွန်းမြို့မဈေး မီးလောင်မှုကိစ္စမှာ စစ်ကောင်စီကြောင့်မဟုတ်ဘဲ ရက္ခိုင့်တပ်တော်(AA)က အချိန်ကိုက် မီးရှို့ခြင်းသာဖြစ်ကြောင်း စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက စွပ်စွဲထားသည်။ 

“ပုဏ္ဏားကျွန်းဈေး မီးလောင်တာနဲ့ပက်သက်ပြီး ဒီဟာသည် ကျနော်တို့သံသယရှိတာသည် အချိန်ကိုက်ရှို့မီးပဲ ဖြစ်နိုင်ပါတယ်။ ‌AA အနေနဲ့ ဒေသခံပြည်သူလုထုကို အသုံးချပြီး အထင်အမြင်လွှဲမှားအောင် ပြုလုပ်နေတာပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ 

‌စစ်ကောင်စီ စွပ်စွဲချက်နှင့်ပတ်သက်၍ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို DMG က ဆက်သွယ်နေဆဲဖြစ်သည်။ 

နိုဝင်ဘာလ ၂၃ ရက်နေ့ကလည်း ပေါက်တောမြို့ကို စစ်ကောင်စီနေဗီနှင့် စစ်တွေမြို့ရှိ အမှတ်(၁၂) ရဲတပ်ရင်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရပ်ကွက်တချို့တွင် မီးလောင်ခဲ့သည်။ 

ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် AA တို့ တကျော့ပြန်တိုက်ပွဲစတင်သည့် နိုဝင်ဘာလ ၁၃ ရက်မှစပြီး စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပတ်ခတ်မှုများရှိနေကာ အရပ်သားထိခိုက်သေဆုံးမှုများနှင့် နေအိမ်၊ ဆေးရုံ၊ ပျက်စီးမှုများမှာလည်း တဖြည်းဖြည်းမြင့်တက်လာနေသည်။ 

#D007 #DMG 

ဗီဒီယိုများ