သံတွဲတွင် စစ်ဘေးရှောင် တစ်သောင်းကျော် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေ  

အလုပ်အကိုင်ရှားပါးခြင်း၊ ကုန်ဈေးနှုန်းမြင့်တက်မှုနှင့် ကူညီထောက်ပံ့မှု နည်းပါးသဖြင့် စစ်ဘေးရှောင်အများစုမှာ ထမင်းနပ်မမှန် ဖြစ်နေရသည်ဟု စစ်ဘေးရှောင်အရေး ကူညီပေးနေသူများထံမှ သိရသည်။

By Admin 10 Oct 2024

သံတွဲမြို့နယ်က စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - Lay Waddy FM)
သံတွဲမြို့နယ်က စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - Lay Waddy FM)

DMG ၊ အောက်တိုဘာ ၁၀

တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်က စစ်ဘေးရှောင် တစ်သောင်းကျော်မှာ စားနပ်ရိက္ခာအကူအညီများ အရေးပေါ်လိုအပ်နေကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။ 

အလုပ်အကိုင်ရှားပါးခြင်း၊ ကုန်ဈေးနှုန်းမြင့်တက်မှုနှင့် ကူညီထောက်ပံ့မှု နည်းပါးသဖြင့် စစ်ဘေးရှောင်အများစုမှာ ထမင်းနပ်မမှန် ဖြစ်နေရသည်ဟု ဒေသတွင်းစစ်ဘေးရှောင်အရေး ကူညီပေးနေသူတစ်ဦးက ပြောသည်။
 
“စစ်ဘေးရှောင် တော်တော်များများက ငတ်တစ်လှည့် ပြတ်တလှည့်နဲ့ ရင်ဆိုင်နေကြရတယ်။ အလုပ်တွေကလည်းရှားသလို ကူညီတဲ့အဖွဲ့တွေကလည်း မရှိသလောက်ပဲဆိုတော့ တော်တော်လေး အခက်ကြုံနေကြတယ်” ဟု ၎င်းက ပြောသည်။ 

စစ်ဘေးရှောင်များမှာ ငပလီမြို့နှင့် ကမ်းခြေတစ်လျှောက် ကျေးရွာများမှဖြစ်ပြီး တိုက်ပွဲစတင်ချိန်မှစ၍ ဘေးလွတ်ရာနေရာများ၌ တိမ်းရှောင်နေကြခြင်းဖြစ်သည်။ 

သံတွဲမြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော်က ထိန်းချုပ်ထားပြီဖြစ်သော်လည်း စစ်ကောင်စီ၏ လေကြောင်း၊ လေကြောင်းအန္တရာယ်များကြောင့် နေရပ်မပြန်နိုင်သေးကြပေ။ 

“ငပလီကမ်းခြေတစ်လျှောက်လုံးက ဒေသခံ တော်တော်များများက ငါးဖမ်းလုပ်ငန်းပဲ အဓိက လုပ်ကိုင်ကြတာ။ အခု ငါးဖမ်းလုပ်ငန်းတွေလည်း ရပ်ထားရ၊ သူများနေရာမှာလည်း စစ်ဘေးရှောင်နေရဆိုတော့ အလှူခံကြတာ၊ တောင်းရမ်းစားသောက်ကြတာတွေ အထိရှိနေတယ်” ဟု ငပလီမြို့မှ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။ 
စစ်ကောင်စီ လမ်းခရီးပိတ်ဆို့မှုကြောင့် ကုန်စည်စီးဆင်းမှုမရှိ၍ ကုန်စည်ပြတ်လပ်ကာ ကုန်ဈေးနှုန်းမှာလည်း အဆမတန်မြင့်တက်နေသဖြင့် စစ်ဘေးရှောင်များမှာ ပို၍ အခက်ကြုံတွေ့ကြသည်။ 

လူမှုကူညီရေးသမားများက စစ်ဘေးရှောင်များ၏ စားနပ်ရိက္ခာအရေးနှင့်ပတ်သက်၍ တတ်နိုင်သမျှ ကူညီပေးနေကြသော်လည်း လိုအပ်ချက်များပြားသဖြင့် လမ်းခရီးသွားလာမှု၊ ငွေကြေးစသည့် အခက်အခဲ အမျိုးမျိုးကြောင့် လုံလောက်အောင် မထောက်ပံ့နိုင်ကြပေ။ 

“ကုန်ဈေးနှုန်းက ရခိုင်မြောက်ပိုင်းဒေသနဲ့ နှစ်ဆလောက်ကွာတယ်၊ တော်တော်လေးလည်းရှားတယ်။ စားကုန်တွေရော၊ တခြားကုန်တွေရော ဝင်ရောက်မှု တအားနည်းတော့ စစ်ရှောင်တွေအပါအဝင် အားလုံးဒုက္ခရောက်နေကြတာ” ဟု စစ်ရှောင်အရေး‌ဆောင်ရွက်နေသူ သံတွဲဒေသခံ နောက်တစ်ဦးက ပြောသည်။  

ရခိုင်တွင် စစ်ရေးပဋိပက္ခကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူ လူဦးရေ ၆ သိန်းကျော်ထိရှိနေပြီး စားနပ်ရိက္ခာ၊ ဆေးဝါးအကူအညီ လိုအပ်ချက်များ မြင့်မားနေသည်။ 

ပုံစာ - တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် သံတွဲစစ်ဘေးရှောင်များ ဇွန်လအတွင်းတွေ့ရစဉ်။ ဓာတ်ပုံ - APM။