ရခိုင်က မြို့နယ်သုံးခုတွင် MSF ၏ ကျန်းမာရေးစောင့်ရှောက်မှု ရပ်ဆိုင်း

ပဋိပက္ခများပိုမိုပြင်းထန်လာခြင်း၊ အရပ်သားများကိုထိခိုက်စေသည့် အကြမ်းဖက်မှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများလုပ်ဆောင်ရန် ကန့်သတ်ချက်များစွာ ရှိနေခြင်းကြောင့် ရပ်တန့်လိုက်ရခြင်းဟု ဆိုသည်။ 

By Admin 28 Jun 2024

ဓာတ်ပုံ - MSF Myanmar Facebook
ဓာတ်ပုံ - MSF Myanmar Facebook

DMG ၊ ဇွန် ၂၈

ရခိုင်ပြည်မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများရပ်ဆိုင်းလိုက်ကြောင်း နယ်စည်းမထားဆရာဝန်များအဖွဲ့(MSF)က ဇွန် ၂၇ ရက်တွင် ထုတ်ပြန်သည်။

ပဋိပက္ခများပိုမိုပြင်းထန်လာခြင်း၊ အရပ်သားများကိုထိခိုက်စေသည့် အကြမ်းဖက်မှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများလုပ်ဆောင်ရန် ကန့်သတ်ချက်များစွာ ရှိနေခြင်းကြောင့် ရပ်တန့်လိုက်ရခြင်းဟု ဆိုသည်။ 

ထိုသို့ရပ်တန့်လိုက်ရခြင်းကြောင့် MSF အနေဖြင့် ပဋိပက္ခဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော ပြည်သူများအတွက် စိုးရိမ်ကြောင်း ပြောသည်။ 

ပြည်သူများမှာ ပဋိပက္ခများကြောင့် အသက်အိုးအိမ်များ ဖျက်ဆီးခံရခြင်း၊ အတင်းအကျပ် ခေါ်ယူစေခိုင်းခံရခြင်း၊ နေရပ်ရွှေ့ပြောင်းရခြင်းနှင့် ဘေးကင်းရာသို့ ရွေ့ပြောင်းနိုင်မည့် အခွင့်အရေးမရှိသည့်ကြားတွင်  လူသားချင်းစာနာမှု အထောက်အပံ့များ ကန့်သတ်ခံရခြင်းများကိုလည်း ရင်ဆိုင်နေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရခိုင်ဒေသခံ ကျန်းမာရေးဝန်ထမ်းတစ်ဦးက “ရခိုင်ပြည်ရဲ့ လိုအပ်ချက်တွေအများကြီးထဲမှာ ကျန်းမာရေးကဏ္ဍက အဓိကပါတယ်။ ဆေးဝါးပြတ်လပ်မှုအပြင် အခက်အခဲမျိုးစုံဖြစ်နေတဲ့ ဒီအချိန်မှာ MSF က ဒေသအချို့မှာ လုပ်ငန်းတွေရပ်တန့်လိုက်တာဟာ စိတ်မကောင်းစရာဖြစ်တယ်။ ပြည်သူတွေအတွက် အရမ်းနစ်နာတယ်” ဟု ပြောသည်။

MSF သည် ရခိုင်ပြည်မြောက်ပိုင်းတွင် ရွှေ့လျားဆေးခန်း ၁၄ ခုဖွင့်လှစ်ပြီး ပြည်သူများကို ကျန်းမာရေးဝန်ဆောင်မှု ပေးခဲ့သည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစ၍ ရခိုင်ပြည်အလယ်ပိုင်းနှင့် မြောက်ပိုင်းနေရာအများစုတွင် လမ်းပိတ်ဆို့ခြင်းကြောင့် MSF အနေဖြင့် ပုံမှန်ကျန်းမာရေးဝန်ဆောင်မှုများ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် တွေ့ရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်ကလည်း ဘူးသီးတောင်မြို့အခြေစိုက် MSF ရုံးခန်းနှင့် ဆေးပေးခန်း မီးရှို့ခံခဲ့ရသည်။

“လမ်းတွေပိတ်ဆို့တာကြောင့် ဆေးရုံတွေကို မသွားနိုင်တာ၊ ဆေးဝါးနဲ့ အခြေခံလိုအပ်ချက်ပစ္စည်းတွေကို ရွှေ့လို့မရတာ၊ လူသားချင်းစာနာထောက်ထားမှုနဲ့ဆိုင်တဲ့ ဝန်ဆောင်မှုတွေ မလုပ်နိုင်တာကြောင့် ကျန်းမာရေး စောင့်ရှောက်မှုစနစ် အလုံးစုံ ပျက်စီးမှုကို မျက်မြင်ကြုံခဲ့ရတယ်” ဟု MSF ထုတ်ပြန်ချက်က ပြောသည်။

ယင်း၏အကျိုးဆက်အဖြစ် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ် မတ်လအထိ မိခင်သေဆုံးမှုနှင့် သန္ဓေသားသေဆုံးမှု (၉) ခု အထိရှိခဲ့ကြောင်းလည်း သိရသည်။

ရခိုင်ပြည်အတွင်း စစ်ရေးပြင်းထန်မှုနှင့်အတူ လမ်းခရီးပိတ်ဆို့ထားမှုကြောင့် ဒေသခံများမှာ ဆေးဝါးပြတ်လပ်မှု၊ ‌ဈေးနှုန်းမြင့်မားမှုဒဏ်ကို အလူးအလဲခံနေရသည်။

ဘူးသီးတောင်မြို့နယ် ကျောက်ဖြူတောင်ကျေးရွာမှ မွတ်ဆလင်အမျိုးသားတစ်ဦးက “ကျန်မာရေးနဲ့ပတ်သတ်လို့ ဆေးရှာမရတာ၊ ဈေးတအားကြီးတာတွေကြောင့် နည်းနည်းနေမကောင်းဖြစ်ရင်တောင် အခက်အခဲရှိတယ်။ ဒါကြောင့် တာဝန်ရှိတဲ့လူကြီးတွေက တစ်ခုခုစီစဉ်ပေးဖို့ တောင်းဆိုချင်တယ်” ဟု ပြောသည်။

ရခိုင်ဒေသတွင် စစ်ဘေးရှောင်စုစုပေါင်း ၅ သိန်းကျော်အထိရှိနေပြီး နေရာထိုင်ခင်း၊ အမိုးအကာ မလုံလောက်သဖြင့် ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍ စိုးရိမ်စရာဖြစ်နေသည်။ 

ဗီဒီယိုများ