သံတွဲတွင် စစ်ဘေးရှောင်ကလေးများ အရေပြားရောဂါဖြစ်ပွားနေ 

စစ်ဘေးရှောင်များမှာ တောတောင်အနီးတွင် ယာယီတဲများဆောက်လုပ်ကာ နေထိုင်နေကြရပြီး သောက်သုံးရေ မသန့်ရှင်းခြင်း၊ ပတ်ဝန်းကျင်မသန့်ရှင်း၍ ခြင်ကိုက်ခြင်းတို့ကြောင့် အရေးပြားရောဂါများ ဖြစ်ပွားနေကြသည်။  

By Admin 09 Jul 2024

အရေပြားရောဂါဖြစ်ပွားနေသည့် သံတွဲစစ်ဘေးရှောင်များ။ ဓာတ်ပုံ - Tayzer Awng
အရေပြားရောဂါဖြစ်ပွားနေသည့် သံတွဲစစ်ဘေးရှောင်များ။ ဓာတ်ပုံ - Tayzer Awng

DMG ၊ ဇူလိုင် ၉ 

ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသော ကလေးငယ်များမှာ အရေပြားရောဂါဖြစ်ပွားနေ၍ ဆေးဝါးအကူအညီများ လိုအပ်နေကြောင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေ သူများက ပြောသည်။  

စစ်ဘေးရှောင်များမှာ တောတောင်အနီးတွင် ယာယီတဲများဆောက်လုပ်ကာ နေထိုင်နေကြရပြီး သောက်သုံးရေ မသန့်ရှင်းခြင်း၊ ပတ်ဝန်းကျင်မသန့်ရှင်း၍ ခြင်ကိုက်ခြင်းတို့ကြောင့် အရေးပြားရောဂါများ ဖြစ်ပွားနေကြသည်။  

စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူတစ်ဦးက “အများစု ယားနာဖြစ်နေကြတာ။ ရေမသန့်ရှင်းတာ၊ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းတာတွေကြောင့် အများဖြစ်ကြတယ်။ အခု စစ်ရှောင်နေကြတဲ့နေရာမှာ ဆေးဝါးလည်း မရှိဘူး။ ရှိတဲ့နေရာကိုသွားဖို့လည်း လမ်းခရီးက အဆင်မပြေဘူး” ဟု ပြောသည်။

စစ်ဘေးရှောင်လူဦးရေတစ်ရာမှာ အသက် ၁၅ နှစ်အောက် ကလေးငယ် ၂၀ ခန့်မှာ ခန္ဓာကိုယ်တွင် အဖုအပိန့်ထွက်ခြင်း၊ အနာကြီးပေါက်ခြင်း စသည့် အရေပြားရောဂါဝေဒနာကို ခံစားနေကြရပြီး လိုအပ်သော ဆေးဝါးကုသမှုများခံယူရန် အရေးပေါ်လိုအပ်နေသည်။ 

“ဆေးဝါးဝယ်ပြီး စစ်ရှောင်တွေကို ပေးမယ်ဆိုရင်လည်း အလှူရှင်တွေမရှိဘူး။ အလှူရှင်တွေအနေနဲ့လည်း ကူညီပေးကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု စစ်ရှောင်အရေးကူညီပေးနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

သံတွဲမြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ငါးသောင်းကျော်ထိတိုးလာပြီး ဆေးဝါးအပြင် စားနပ်ရိက္ခာ၊ သောက်သုံးရေ နှင့် အမိုးအကာလိုအပ်ချက်များစွာ ရှိနေဆဲဖြစ်သည်။ 

၎င်းတို့မှာ စစ်ကောင်စီက လမ်းပိတ်ဆို့ထားမှုကြောင့် ကုန်စည်ပြတ်လပ်ကာ ဈေးနှုန်းအဆမတန်မြင့်တက်နေပြီး ကူညီထောက်ပံ့မှုလည်း မရရှိသည့်အတွက် ပိုမိုခက်ကြုံနေကြရသည်။ 

စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက “တောတောင်သွားပြီး ရှာဖွယ်စားသောက်မယ်ဆိုရင်လည်း မိုင်းအန္တရာယ်ကို စိုးရိမ်ရတယ်။ ပါလာတဲ့ငွေကလည်း ကုန်တော့မယ်။ ဒီမိုးတွင်းကာလကို ဘယ်လိုဖြတ်ကျော်ရမလဲ မသိတော့ဘူး” ဟု ပြောသည်။ 

သံတွဲမြို့နယ်တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ နှစ်လကျော်ကြာမြင့်လာပြီး သံတွဲလေဆိပ်နှင့် ငပလီအခြေစိုက် ခမရ (၅၆၆) တပ်ရင်းကို AA က သိမ်းပိုက်ထားပြီး ခလရ (၅၅)ကို ဆက်လက် ထိုးစစ်ဆင်နေသည်။ 

ဗီဒီယိုများ