ပုဏ္ဏားကျွန်းတွင် စစ်ဘေးရှောင်တစ်ဦး ရေထဲခုန်ချ အဆုံးစီရင် 

ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်းရပ်ကွက်မှ စစ်ဘေးတိမ်းရှောင်နေသူ အသက် (၂၅) နှစ်ရွယ် ကိုမောင်ကြီးသည် ကုလားတန်မြစ်သို့ ခုန်ချကာ အဆုံးစီရင်သွားခြင်းသည်။

By Admin 22 Sep 2024

ရေထဲခုန်ချသွားသူ စစ်ဘေးရှောင်၏ ရုပ်အလောင်းအား ပိုက်၊ ကွန်များ အသုံးပြုကာ ရှာဖွေနေကြစဉ်။ ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်း။ 
ရေထဲခုန်ချသွားသူ စစ်ဘေးရှောင်၏ ရုပ်အလောင်းအား ပိုက်၊ ကွန်များ အသုံးပြုကာ ရှာဖွေနေကြစဉ်။ ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်း။ 

DMG ၊ စက်တင်ဘာ ၂၂ 

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ဘေးရှောင် အမျိုးသားတစ်ဦး ယနေ့ (စက်တင်ဘာ ၂၂ ရက် ၁၁ နာရီ) ခန့်တွင် ရေထဲခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားကြောင်း သတင်းရရှိသည်။
 
ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်းရပ်ကွက်မှ စစ်ဘေးတိမ်းရှောင်နေသူ အသက် (၂၅) နှစ်ရွယ် ကိုမောင်ကြီးမှာ ကုလားတန်မြစ်သို့ ခုန်ချကာ အဆုံးစီရင်သွားခြင်းဖြစ်သည်ဟု လင်းရောင်ခြည်ဖောင်ဒေးရှင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အခုထိ အလောင်းမတွေ့သေးဘူး။ ကျနော်တို့အဖွဲ့နဲ့ ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး ရှာနေကြတယ်။ သူရဲ့ ပုဆိုးကိုတော့ ရှာတွေ့ထားတယ်။ ဘာကြောင့် အခုလိုလုပ်တယ်ဆိုတယ်တာတော့ ကျနော်တို့လည်း မသိနိုင်ဘူး။ တစ်စုံတစ်ရာ စိတ်ဖိစီးမှုကြောင့်လားလို့ ထင်မိတယ်” ဟု  ပြောသည်။ 

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်ကိုသိရှိနိုင်ရန်အတွက် DMGက ဆက်လက်စုံစမ်းနေသည်။ 

စစ်ကောင်စီ လမ်းခရီးပိတ်ဆို့ထားသည့် ရခိုင်ဒေသတွင် အလုပ်အကိုင်ရှားပါးမှု၊ ကုန်စည်ပြတ်လပ်ကာ ဈေးနှုန်းမြင့်တက်မှုနှင့် စားဝတ်နေရေးကျပ်တည်းမှု၊ စိတ်ပိုင်းဆိုင်ရာမလုံခြုံမှု စသည့် ဒဏ်များကို ရင်ဆိုင်ခံစားနေကြရသည်။

“ဒီအခြေအနေမှာ လူတွေတော်တော် အားတင်းပြီး ဖြတ်ကျော်နေကြရတဲ့ အချိန်ဖြစ်တယ်။ ဒီလို အလုပ်အကိုင်ရှားပါးမှု၊ စားဝတ်နေရေး ကျပ်တည်းလာမှုနဲ့တူ နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကို လျော့ချနိုင်ဖို့အတွက် စိတ်ပိုင်းဆိုင်ရာကုစားမှုတွေကို လုပ်ဆောင်ဖို့လိုအပ်တယ်” ဟု လူမှုရေးတက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။

ရခိုင်တွင် စစ်ရေးကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရသူ ၆ သိန်းကျော်ထိတိုးလာနေပြီး စားဝတ် နေရေး၊ ဆေးဝါးစသည့် အခက်အခဲများကို ဆိုးရွားစွာရင်ဆိုင်ခံထားနေကြရပြီး နိုင်ငံတကာအဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုမရသဖြင့် ပို၍အခက်ကြုံကြရသည်။