ရခိုင်တွင် ငရုပ်သီးခြောက်နှင့် ကြက်သွန်နီ ဈေးနှုန်း ဆက်လက်မြင့်တက်

ရခိုင် - ပြည်မ ကုန်သွယ်ရေးလမ်းကို စစ်ကောင်စီက ပိတ်ဆို့ထား၍ အိန္ဒိယကနေ လမ်းခရီးအခက်အခဲများကြားမှ စရိတ်စခမြင့်မားစွာ ကုန်သွယ်နေကြရသဖြင့် ဒေသတွင်း ကုန်ဈေးနှုန်းမှာ အဆမတန် မြင့်တက်လာနေသည်။

By Admin 03 Sep 2024

ရခိုင်တွင် ငရုပ်သီးခြောက်နှင့် ကြက်သွန်နီ ဈေးနှုန်း ဆက်လက်မြင့်တက်

DMG ၊ စက်တင်ဘာ ၃

ရခိုင်ပြည်တွင် ငရုပ်သီးခြောက်နှင့် ကြက်သွန်နီဈေးနှုန်းများမှာ ဆက်လက်မြင့်တက်နေကြောင်း DMG က ဩဂုတ်လအတွင်း ကောက်ယူခဲ့သော အခြေခံစားသောက်ကုန်ဈေးနှုန်း စာရင်းများကို နှိုင်းယှဉ်ချက်အရ သိရသည်။ 

ဩဂုတ်လ ၃ ရက်နေ့ ဈေးနှုန်းကောက်ယူချက်တွင် ငရုပ်သီးခြောက် တစ်ပိဿာကို ငွေကျပ် ၃၅,၀၀၀၊ ကြက်သွန်နီ တစ်ပိဿာကို ငွေကျပ် ၁၇,၀၀၀  ဖြစ်သည်။ ဩဂုတ်လ ၃၁ ရက်နေ့တွင် ငရုပ်သီးခြောက် တစ်ပိဿာကို ငွေကျပ် ၅၀,၀၀၀ နှင့် ကြက်သွန်နီ တစ်ပိဿာကို ငွေကျပ် ၂၀,၀၀၀ ထိ ဈေးနှုန်းမြင့်တက်သွားသည်။ 

အခြားသော အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ဟင်းချိုမှုန့်၊ ကြက်သွန်ဖြူ ဈေးနှုန်းများမှာ ဆက်လက်မြင့်တက်ခြင်း မရှိသော်လည်း မကျသည့်အနေထားတွင် ရှိနေသည်ကို တွေ့ရသည်။

ကျောက်တော်ဒေသခံ ကုန်စုံဆိုင်ရောင်းချသူတစ်ဦးက “ကုန်တွေက ပြည်မနဲ့ အိန္ဒိယဖက်က အဝင်ရှိရင်တော့ သိပ်ဈေးမတက်ဘူး။ အခုက အဲဒီဖက်က ဝင်တာရှိပေမယ့် လမ်းမှာ ကုန်ချရတာ၊ စရိတ်စကတွေ ခက်တော့ ဈေးပိုတက်လာတဲ့ သဘောရှိတယ်” ဟု  ပြောသည်။

ရခိုင် - ပြည်မ ကုန်သွယ်ရေးလမ်းကို စစ်ကောင်စီက ပိတ်ဆို့ထား၍ အိန္ဒိယကနေ လမ်းခရီးအခက်အခဲများကြားမှ စရိတ်စခမြင့်မားစွာ ကုန်သွယ်နေကြရသဖြင့် ဒေသတွင်း ကုန်ဈေးနှုန်းမှာ အဆမတန် မြင့်တက်လာနေသည်။ 

“အိမ်တစ်အိမ်မှာ လူငါးယောက်စားဖို့ တစ်နေ့ကို ငွေနှစ်သောင်းနဲ့ မလောက်ဘူး။ မုန့်ဖိုး ဘာညာ မပါသေးဘူး။ အခုက ကန်စွန်းရွက်ကအစ ဈေးကြီးတယ်။ အရင်က တစ်နပ်ပဲစားတဲ့ အသားကို အခုဆိုရင် နှစ်နပ်စာလုပ်ပြီး ချွေတာစားရတယ်” ဟု မြောက်ဦးဒေသခံ အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးက ပြောသည်။ 

အာဏာသိမ်းမှုအကျိုးဆက် စစ်ရေးပဋိပက္ခပြင်းထန်နေသော မြန်မာနိုင်ငံတွင် အလုပ်အကိုင်ရှားပါးမှု၊ ငွေကြေးဖောင်းပွမှုနှင့်အတူ ရခိုင်အပါအဝင် တချို့ဒေသများတွင် ငွေသားရှားပါးမှု ဖြစ်ပေါ်နေသည်။