အိန္ဒိယကုန်သွယ်ရေးလမ်း ရပ်တန့်နေမှုနှင့် ရခိုင်ဒေသအကျပ်အတည်း 

တိုက်ပွဲစတင်ချိန်မှစ၍ စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားသော ရခိုင်ဒေသမှာ ကုန်စည်ပြတ်တောက်မှုဒဏ်ကို ဆိုးရွားစွာကြုံတွေ့နေရချိန် အိန္ဒိယဘက်မှ ကုန်ပစ္စည်းများကို သယ်ယူခွင့်ရ၍ အသက်ရှူခွင့်တစ်ခု ရရှိနေကြသည်။

By Admin 13 Jul 2024

အိန္ဒိယ - ပလက်ဝ ကုန်သွယ်ရေးလမ်းကြောင်း တစ်နေရာ။ (ဓာတ်ပုံ - ပေးပို့) 
အိန္ဒိယ - ပလက်ဝ ကုန်သွယ်ရေးလမ်းကြောင်း တစ်နေရာ။ (ဓာတ်ပုံ - ပေးပို့) 

DMG ၊ ဇူလိုင် ၁၃ 

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်မှတစ်ဆင့် ချင်းပြည်နယ်၊ ပလက်ဝကိုဖြတ်၍ ရခိုင်ဒေသသို့ ကုန်ပစ္စည်းတင်ပို့နေသော လမ်းကြောင်းကို ပိတ်ထားသည်မှာ ရက်ပေါင်း ၂၀ ခန့်ရှိလာပြီဖြစ်သည်။ 

အဆိုပါလမ်းကြောင်းမှ တင်သွင်းလာသော ကုန်ပစ္စည်းများကို AA က ချင်းလက်နက်ကိုင်များနှင့် တိုက်ခိုက်ရာတွင် ရိက္ခာအဖြစ် အသုံးပြုနေသည်ဆိုကာ မီဇိုရမ်ပြည်နယ်ရှိ ဗဟိုလိုင်လူငယ်အစည်းအရုံး(CYLA)က ဇွန် ၂၄ ရက်မှစ၍ ပိတ်ပင်ခဲ့သည်။ 

တိုက်ပွဲစတင်ချိန်မှစ၍ စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားသော ရခိုင်ဒေသမှာ ကုန်စည်ပြတ်တောက်မှုဒဏ်ကို ဆိုးရွားစွာကြုံတွေ့နေရချိန် အိန္ဒိယဘက်မှ ကုန်ပစ္စည်းများကို သယ်ယူခွင့်ရ၍ အသက်ရှူခွင့်တစ်ခု ရရှိနေကြသည်။ 

လက်ရှိတွင် အန္ဒိယကုန်သွယ်ရေးလမ်းကို ပိတ်ပင်ထားသဖြင့် ရခိုင်ဒေသမှာ ကုန်စည်ပြတ်လပ်ကာ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှုနှင့် ထပ်မံကြုံတွေ့လာရသည်။ 

“အခုက ကုန်စည်သယ်ယူနိုင်တာ အိန္ဒိယလမ်းပဲရှိတယ်။ အခု ဒီလမ်းကြောင်းကိုပိတ်လိုက်တော့ ပြည်သူတွေ ပြန်ပြီး ကုန်ပြတ်လပ်မှုကို ခံစားနေရပြီ။ ကုန်ပစ္စည်းထပ်မဝင်တော့ ဈေးနှုန်းကလည်း တစ်နေ့ထက်တစ်နေ့ မြင့်လာတယ်။ ကြာလာတာနဲ့အမျှ ဒီထက်ပိုဆိုးလာမယ်” ဟု ကုန်သည်တစ်ဦးက ပြောသည်။ 

လက်ရှိတွင် လီတာ ၂၀ ဆံ့ စားသုံးဆီတစ်ဗူးကို ငွေကျပ် ၂၆၀,၀၀၀ ကျော်၊ ကြက်သွန်နီ တစ်ပိဿာကို ငွေကျပ် ၃၀,၀၀၀၊ ကြက်သွန်ဖြူ တစ်ပိဿာကို ငွေကျပ် ၅၀,၀၀၀ နီးပါး ဈေးမြင့်တက်နေနေပြီး အခြားစားကုန်များမှာလည်း အဆမတန် ဈေးမြင့်တက်နေသည်။ 

အိန္ဒိယမှ ကုန်သွယ်ခွင့်ရရှိသည့်အနေအထားတွင် လီတာ ၂၀ ဆံ့ စားသုံးဆီတစ်ဗူးလျှင် ငွေကျပ်နှစ်သိန်းဝန်းကျင်၊ ကြက်သွန်နီ တစ်ပိဿာလျှင် ငွေကျပ်တစ်သောင်းကျော်၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ကျပ်နှစ်သောင်းဝန်းကျင် သာ ရှိခဲ့သည်။ 

ရခိုင်မြောက်ပိုင်းတွင် လက်ရှိသုံးစွဲနေသော အခြေခံစားသောက်ကုန်များမှာ အိန္ဒိယမှကုန်ကို ကျောက်တော်မှ တစ်ဆင့် ဝယ်ယူအသုံးပြုနေကြခြင်း ဖြစ်သည်။ 

“ကုန်ကဝယ်မရတော့ဘူး။ ကျောက်တော်မှာလည်း မရှိတော့ဘူး။ ကျမတို့ရွာမှာရှိတဲ့ ကုန်ပစ္စည်းကလည်း ဒီနေ့မနက်ဖြန် ပြတ်လပ်မယ့်အခြေအနေဖြစ်ပြီ။ ကုန်ပစ္စည်းပြတ်သွားရင် ဘယ်လိုချက်ပြုတ်စားသောက်ရမလဲ မသိတော့ဘူး” ဟု ဘူးသီးတောင်မြို့နယ်မှ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဧပြီလကလည်း အိန္ဒိယ - ပလက်ဝ ကုန်သွယ်ရေးလမ်းကြောင်းကို နယ်စပ်လုံခြုံရေးအရဟုဆိုကာ အိန္ဒိယဘက်က ပထမအကြိမ် ပိတ်ပင်ခဲ့သည့်အချိန်က ရခိုင်ဒေသမှာ ကုန်ပစ္စည်းပြတ်လပ်မှု ဖြစ်ပေါ်ခဲ့ရသည်။ 

လက်ရှိမှာလည်း ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်မည့်နေ့ကို ခန့်မှန်းမရ၍ ရက်တာရှည်လာသည်နှင့်အမျှ ဒေသအတွင်း စားနပ်ရိက္ခာအခြေအနေ ဆိုးရွားလာနိုင်ကြောင်း ကုန်သည်များက ပြောသည်။

“အဆိုးဆုံး အခြေအနေထိမရောင်သေးခင် လမ်းပြန်ဖွင့်ပေးစေချင်ပါတယ်” ဟု ကျောက်တော်မြို့နယ်မှ ကုန်သည်တစ်ဦးက ပြောသည်။ 

လက်ရှိ ရခိုင်က ကုန်သည်တချို့မှာ မီဇိုရမ်ဒေသတွင် ပိတ်မိနေပြီး လုံခြုံရေးနှင့်ပတ်သက်၍ ခြိမ်းခြောက်ခံရမှုများ ရှိနေကြောင်း ကုန်သည်များထံမှ သိရသည်။ 

ရခိုင်တွင် တိုက်ပွဲဖြစ်ပွားမှု ၈ လခန့်ကြာမြင့်လာပြီး စစ်ကောင်စီ၏ လမ်ခရီးပိတ်ဆို့မှုကြောင့် ဒေသခံများမှာ စားနပ်ရိက္ခာကျပ်တည်းမှုဒဏ်ကို တစ်နေ့ထက်တစ်နေ့ ဆိုးရွားစွာခံစားနေကြရသည်။