- တိုက်ပွဲစတင်လာ၍ စစ်တွေတွင် လေယာဉ်လက်မှတ် ဝယ်ယူသူများနေ
- ဖမ်းမိထားသည့် ဒဏ်ရာရ မြောက်ကိုရီးယားစစ်သား အများအပြား သေဆုံးမှုများ ရှိနေကြောင်း ယူကရိန်းသမ္မတပြော
- ကျောက်ဖြူတွင် စစ်ဘေးရှောင် ၆,၀၀၀ ခန့် အရေးပေါ်အကူအညီ လိုအပ်နေ
- ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို မျက်ကွယ်ပြုနေကြသည်ဟု စစ်ခေါင်းဆောင်ဖွင့်ဟ
- စစ်တွေမြို့နယ်ရှိ စစ်ကောင်စီစခန်းကို AA တိုက်ခိုက်
မင်းပြား စစ်ကောင်စီသင်တန်းကျောင်းက လက်နက်ပစ်သံကြားရ၍ ဒေသခံများ ထိတ်လန့်
“ပစ်တာကတော့ ၃ ရက်ဆက်ပစ်တယ်။ လက်နက်ကြီး၊ လက်နက်ငယ်ပစ်သံတွေကြားရတယ်။ ညအချိန်တွေမှာလည်းပစ်တယ်။
09 Jun 2023
DMG ၊ ဇွန် ၉
ရခိုင်ပြည်၊ မင်းပြားမြို့နယ် ကမ်းနီကျေးရွာအနီးက စစ်ကောင်စီ တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း တိုင်းဗဟို(၉)တွင် ဇွန်လ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုရှိသည့်အတွက် ဒေသခံများ ကြောက်လန့်နေကြသည်။
ထိုသို့ပစ်ခတ်မှုကြောင့် ဒေသခံများမှာ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်နေကြကြောင်း တိုင်းဗဟို(၉) အနီး ကမ်းနီကျေးရွာမှ လုံခြုံရေအရ အမည်မဖော်လိုသည့် ကျေးရွာသားတစ်ဦးက DMG သို့ပြောသည်။
“ပစ်တာကတော့ ၃ ရက်ဆက်ပစ်တယ်။ လက်နက်ကြီး၊ လက်နက်ငယ်ပစ်သံတွေကြားရတယ်။ ညအချိန်တွေမှာလည်းပစ်တယ်။ ဘာလို့ပစ်တာလဲတော့ ကျနော်တို့လည်းမသိဘူး။ ရွာသားတွေကတော့ တိုက်ပွဲဖြစ်မလားဆိုပြီးတော့ ကြောက်နေကြတာပေါ့ ” ဟု ၄င်းက ပြေသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကလည်း မြန်မာစစ်တပ်နှင့် AA တို့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် အဆိုပါဒေသခံများမှာ နီးစပ်ရာကျေးရွာများကို ထွက်ပြေးခဲ့ရသည့်အတွက် တဖန်တိုက်ပွဲဖြစ်ပွားမည်ကိုလည်း စိုးရိမ်မိကြောင်း ကမ်းနီကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။
“အရင်တိုက်ပွဲဖြစ်တုန်းကလည်း ပေါက်တော၊ မြေပုံဖက်တွေကို ထွက်ပြေးခဲ့ရတယ်။ ရွာအနီးတွေကို လေယာဉ်နဲ့ ဗုံးကြဲတာတွေ ရှိတယ်။ အခုလည်း လက်နက်ကြီးတွေ ပစ်နေတာဆိုတော့ တိုက်ပွဲဖြစ်မှာကို စိုးရိမ်မိတယ်။ တိုက်ပွဲမဖြစ်စေချင်ဘူး” ဟု သူက ပြောသည်။
ယင်းအပြင် မင်းပြားမြို့နယ် မေလွမ်းကျေးရွာသားများကလည်း ယမန်နေ့က လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ ၁၀ ချက်ကျော် ကြားလိုက်ရကြောင်း ပြောကြသည်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်က အဆိုပါ တိုင်းဗဟို (၉) စစ်ကောင်စီ တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းကို ရက္ခိင့်တပ်တော်(AA) က ဝင်ရောက်တိုက်ခတ်မှုကြောင့် စစ်ကောင်စီက လေယာဉ်နှင့် ဗုံးကြဲတိုက်ရသည်အထိ တိုက်ပွဲ ပြင်းထန်ခဲ့သည်။
စစ်ကောင်တပ်နှင့် AA တို့သည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလက စတင်ကာ လူသားချင်းစာနာထောက်ထားမှုကို အခြေခံပြီး နှစ်ဖက်နားလည်မှုဖြင့် တကျော့ပြန် တိုက်ပွဲရပ်တန့်နေသည်မှာ ၆ လကျော်အထိ ကြာမြင့်လာခဲ့ပြီဖြစ်သည်။
အပစ်အခတ်ရပ်စဲကာလတွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်နေခြင်းမှာ ပြည်သူလူထုကို ထိန်လန့်အောင်လုပ်ဆောင်ခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။
ရခိုင့်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်း က “အရင်တုန်းကဆိုရင် ကျနော်တို့ သိရသလောက်တော့ သူတို့(စစ်ကောင်စီ)က လေ့ကျင့်ရေးလုပ်မယ်ဆိုရင် ပတ်ဝန်းကျင်တွေ အသိပေးတာတွေရှိတယ်။ အခုက ဒီလိုမျိုး ထုတ်ပြန်ထားတာလည်း မရှိဘူး။ ဒီလိုလုပ်တာဟာ ပြည်သူတွေကို ကြောက်လန့်အောင်လုပ်နေတာဖြစ်တယ်။ ဒါကြောင့် ဒီဟာတွေဟာ လုပ်သင့်တဲ့အလုပ် မဟုတ်ဘူးလို့ မြင်ပါတယ်” ဟု ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ ကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိသေးပေ။
ပြီးခဲ့သည့် ဇွန်လ ၁ ရက်နှင့် ၂ ရက်နေ့တို့တွင် စစ်ကောင်စီနှင့် AA အပါအဝင် မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့တို့သည် ရှမ်းပြည် NDAA ထိန်းချုပ်ရာ မိုင်းလားမြို့တွင် တွေ့ဆုံနွေးခဲ့သော်လည်း ရလဒ်ကောင်းများ တစ်စုံတရာ မရှိခဲ့ပေ။ ယင်းနောက် ယခုရက်ပိုင်းတွင် ထိုသို့ သေနတ်ပစ်သံများထွက်ပေါ်လာခြင်းအပေါ် ရခိုင်ပြည်သူများကြား စိတ်ဝင်စားမှု မြင့်တက်နေသည်။
#R007