ရခိုင်တွင် ဆေးဝါးပြတ်လပ်နေချိန် ဝေးလံခေါင်ဖျားဒေသများ၌ ပို၍အခက်ကြုံ

မိုးရာသီကာလ ကျေးလက်ဒေသများတွင် ငှက်ဖျား၊ တုပ်ကွေး၊ ဖျားနာ၊ ချောင်းဆိုးနှင့် ဝမ်းရောဂါဖြစ်ပွားမှု မြင့်တက်နေပြီး ကျန်းမာရေးစောင့်ရှောက်မှု မရှိသည့်အပြင် ဆေးဝါးပြတ်လပ်မှုနှင့်လည်း ရင်ဆိုင်နေကြရသည်။ 

By Admin 17 Jul 2024

ရခိုင်တွင် ဆေးဝါးပြတ်လပ်နေချိန် ဝေးလံခေါင်ဖျားဒေသများ၌ ပို၍အခက်ကြုံ

DMG ၊ ဇူလိုင် ၁၇

ကုန်သွယ်မှုလမ်းကြောင်း ပိတ်ဆို့ခံထားရ၍ ရခိုင်ပြည်အတွင်း ဆေးဝါးများပြတ်လပ်နေချိန် ဝေးလံခေါင်ဖျား ကျေးလက်ဒေသများ၌ ကျန်းမာရေးကိစ္စများနှင့်ပတ်သက်၍ အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရသည်။ 

ထိုဒေသများတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများမှာ တိုက်ပွဲကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြသဖြင့် အရေးပေါ်ကျန်းမာရေးကြုံလာပါက အဘက်ဘက်တွင် အခက်တွေ့နေကြရသည်။ 

“အရင်တုန်းကဆို သားဖွားဆရာမတစ်ယောက်ရှိတယ်။ အခုဘယ်သူမှမရှိတော့ နည်းနည်းလေး နေမကောင်းဖြစ်ရင်တောင် အဝေးကြီးကို သွားပြီးဆေးကုရတယ်။ အကုန်အကျလည်း အရမ်းများတယ်” ဟု မြောက်ဦးမြို့နယ်၊ လေးမြို့ချောင်းအထက်ပိုင်း ကုန်းချောင်းကျေးရွာသား တစ်ဦးက ပြောသည်။ 

မိုးရာသီကာလ ကျေးလက်ဒေသများတွင် ငှက်ဖျား၊ တုပ်ကွေး၊ ဖျားနာ၊ ချောင်းဆိုးနှင့် ဝမ်းရောဂါဖြစ်ပွားမှု မြင့်တက်နေပြီး ကျန်းမာရေးစောင့်ရှောက်မှု မရှိသည့်အပြင် ဆေးဝါးပြတ်လပ်မှုနှင့်လည်း ရင်ဆိုင်နေကြရသည်။ 

ဆေးရုံဆေးခန်းရှိရာဒေသများသို့ သွားရောက်ဆေးကုသမှုခံယူမည်ဆိုလျှင်လည်း လမ်းခရီးသွားလာရခက်ခဲမှု၊ ငွေကြေးအခက်တို့ကြောင့် တောဆေးတောင်ဆေးများဖြင့်သာ ကုသနေကြရသည်။

ကုလားတန်မြစ်အထက်ပိုင်း တင်းမရွာသားတစ်ဦးက “နေမကောင်းဖြစ်ရင် ဆေးရုံ၊ ဆေးခန်း တစ်ခေါက်သွားကုဖို့ မလွယ်ဘူး။ ကျန်းမာရေးနဲ့ပတ်သက်လို့ တစ်စုံတစ်ခုဖြစ်လာရင် တောဆေးတောင်ဆေးကိုပဲ အားကိုးနေရတယ်။ အရေးပေါ်လူနာတွေအတွက်ကတော့ တော်တော်စိုးရိမ်စရာဖြစ်နေတယ်” ဟု ပြောသည်။

စစ်ရေးပဋိပက္ခကြောင့် ရခိုင်က ကျန်းမာရေးဝန်ထမ်းအများစုမှာ ရန်ကုန်၊ မန္တလေးဘက်သို့ တိမ်းရှောင်သွားကြပြီး ကျန်ရှိနေသော ကျန်းမာရေးဝန်ထမ်းတချို့မှာ AA ထိန်းချုပ်နယ်မြေများတွင် တာဝန်ထမ်းဆောင်နေကြသည်။ သို့သော်လည်း ဝန်ထမ်းအင်အားနည်းပါးနေ၍ ဝေးလံခေါင်ဖျားဒေသများ၌ ကျန်းမာရေးစောင့်ရှောက်မှုပေးရန် အခက်အခဲများ ရှိနေသည်။ 

ကျေးလက်ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လုပ်ကိုင်နေကြသော ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းများလည်း လုပ်ငန်းလည်ပတ်မှု ရပ်နားထားကြ၍ ဒေသခံများမှာ ပိုမိုအခက်အခဲဖြစ်နေကြသည်။ 

“ဆေးရှာမရတာ၊ ဈေးတအားကြီးတာတွေကြောင့် နေမကောင်းဖြစ်ရင် စိုးရိမ်နေရတယ်။ တစ်နေရာနဲ့တစ်နေရာ သွားဖို့ကလည်း မလွယ်ဘူး။ အရေးပေါ်ဖြစ်လို့ အချိန်မီ ဆေးကုမှု မခံယူနိုင်ဘူးဆိုရင် အသက်ဆုံးရှုံးဖို့ပဲရှိတယ်” ဟု ဘူးသီးတောင်မြို့နယ်၊ ကျောက်ဖြူတောင်ကျေးရွာမှ မွတ်ဆလင်တစ်ဦးက ပြောသည်။

ရခိုင်ဒေသတွင် လမ်းခရီးပိတ်ခံထားရမှုအကျိုးဆက် ဆေးဝါးပြတ်လပ်မှုနှင့်အတူ အသက်သေဆုံးမှုများလည်း ရှိလာနေ၍ အာရက္ခပြည်သူ့အစိုးရအနေဖြင့် ကျန်းမာရေးကိစ္စနှင့်ပတ်သက်၍ အလေးပေးဆောင်ရွက်ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။

ဗီဒီယိုများ