ပထမလေးလအတွင်း နိုင်ငံတစ်ဝန်း တိုက်ပွဲအကြိမ်ရေ ၂,၅၀၀ ကျော်ဖြစ်ပွားခဲ့

ယခုနှစ် ပထမလေးလ တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ ဒေသသကွပ်ကဲမှုစစ်ဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဗျူဟာကုန်းနှင့် တပ်ရင်း၊ တပ်စခန်း၊ ရဲစခန်းပေါင်း ၂၅၄  ခုကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်နိုင်ခဲ့သည်ဟု ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ထုတ်ပြန်သည်။

By Admin 20 Aug 2024

ဇန်နဝါရီလအတွင်း ပလက်ဝမြို့ကို သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရမိသော သံချပ်ကာကားများနှင့်အတူ တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ (AA Info Desk)
ဇန်နဝါရီလအတွင်း ပလက်ဝမြို့ကို သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရမိသော သံချပ်ကာကားများနှင့်အတူ တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ (AA Info Desk)

DMG ၊ ဩဂုတ် ၂၀

မြန်မာနိုင်ငံတဝန်းတွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲဖြစ်ပွားမှုပေါင်း ၂,၅၃၉ ကြိမ် အထိရှိသည်။ တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ ဒေသသကွပ်ကဲမှုစစ်ဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဗျူဟာကုန်းနှင့် တပ်ရင်း၊ တပ်စခန်း၊ ရဲစခန်းပေါင်း ၂၅၄  ခုကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်နိုင်ခဲ့သည်ဟု ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ထုတ်ပြန်သည်။ 

စစ်ကိုင်းတိုင်းမှာ တိုက်ပွဲပေါင်း ၅၉၃ ကြိမ်ဖြင့် အများဆုံးဖြစ်ပြီး ရခိုင်ပြည်မှာ ၂၈၅ ကြိမ်ဖြင့် ဒုတိယအများဆုံးဖြစ်သည်။ မကွေးတိုင်းတွင် ၂၁၄ ကြိမ်ဖြင့် တတိယအများဆုံးနှင့် တခြားတိုင်းနှင့် ပြည်နယ်များမှာလည်း တိုက်ပွဲများဖြစ်ပွားခဲ့သည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးနှင့် စစ်ကြောင်းထိုးသတ်ဖြတ်မှုများ အပါအဝင် ပုံစံအမျိုးမျိုးဖြင့် သတ်ဖြတ်မှုများကြောင့် အရပ်သားသေဆုံးသူ ၄၅၇ ဦးရှိပြီး ဒဏ်ရာရရှိသူ ၆၄၂ ဦးရှိခဲ့သည်။ 

ရခိုင်ပြည်နှင့် စစ်ကိုင်းတိုင်းတို့မှာ သေဆုံးဒဏ်ရာရသူ အများဆုံးဖြစ်သည်။ အရပ်သားသေဆုံးမှုအများဆုံးမှာ တိုက်ပွဲအတွင်းသေဆုံးမှုနှင့် ပစ်မှတ်ထားပြီး တိုက်ခိုက်မှုများကြောင့်ဟု ဉာဏ်လင်းသစ် သုတေသနစာတမ်းတွင် ဖော်ပြသည်။ 

နိုင်ငံတဝန်း တိုက်ပွဲ ၂,၅၀၀ ကျော်အတွင်း စစ်ကောင်စီဖက်မှ တပ်ဖွဲ့ဝင်သေဆုံးမှု ၃,၂၄၃ ဦးနှင့် ဒဏ်ရာရှိသူ ၂,၃၇၃ ဦး ရှိခဲ့ကာ တော်လှန်ရေးအင်အားစုဖက်က သေဆုံးသူ ၂၇၆ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၂၂၅ ဦးရှိကြောင်း သိရသည်။

ရခိုင်က စစ်ရေးအကဲခတ်တစ်ဦးက “နိုင်ငံတစ်ဝန်းမှာ ဖြစ်ပွားနေတဲ့ စစ်မီးက ငြိမ်သက်နိုင်ဖို့  မမြင်ရသေးဘူး။ အထူးသဖြင့် လူထုက စစ်အာဏာရှင်ကို မလိုလားလို့ တွန်းလှန်နေတဲ့ စစ်မီးဖြစ်တယ်။ စစ်ကောင်စီ အလုံးစုံပြုတ်ကျမှသာ နိုင်ငံတဝန်း ပြည်တွင်းစစ်ချုပ်ငြိမ်းမယ့် သဘောရှိလာနိုင်တယ်” ဟု ပြောသည်။

၁၀၂၇ စစ်ဆင်ရေးပြီးနောက် တော်လှန်ရေးအင်အားစုများက မြို့ပေါင်း ၇၅ မြို့အထိ သိမ်းပိုက်ရရှိထားပြီး၊ ဆက်လက်ပြီးလည်း မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေကြသည်။ 

နိုင်ငံတစ်ဝန်းတော်လှန်ရေး အင်အားစုများ၏ တိုက်ခိုက်နေခြင်းက အာဏာရှင်စစ်အုပ်စု လုံးဝပျက်သုန်းရေးအထိ ရောက်ရှိနိုင်ခြေရှိသည်ဟု ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့က တက်ကြွလူငယ်တစ်ဦးက ပြောသည်။

“လက်ရှိ နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီကို တွန်းလှန်နေကြတာက အထူးအားရဖို့ကောင်းတယ်။ အထူးသဖြင့် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ပေါက်ပေါက်လာတဲ့ လူထုတော်လှန်မှုဟာ အာဏာရှင်စစ်အုပ်စုကို လုံးဝ ပျက်သုန်းနိုင်တဲ့အထိ ဖြစ်လာနိုင်တယ်” ဟု ပြောသည်။

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီသည် တိုင်းစစ်ဌာနချုပ်တစ်ခု၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်တစ်ခု၊ စစ်ဆင်ရေးကွပ်မှုဌာနချုပ် (၂) ခုနှင့် တပ်ရင်းဌာနချုပ်ပေါင်း ရာနှင့်ချီ လက်လွှတ်ဆုံးရှုံးထားရသည်။