တောင်ကုတ်တိုက်ပွဲကြောင့် ဒေသခံရာနှင့်ချီ ထွက်ပြေး

တောင်ကုတ်မြို့၊ ချောင်းကောက်ရပ်ကွက်အနီးတွင် ဇွန်လ ၁၅ ရက်က စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် ထွက်ပြေးနေကြခြင်း ဖြစ်သည်။ 

By Admin 17 Jun 2024

တိုက်ပွဲဖြစ်ပွားပြီးနောက် တောင်ကုတ်မြို့တွင်း တစ်နေရာအား တွေ့ရစဉ်။ (ဓာတ်ပုံ - Citizen Journalist) 
တိုက်ပွဲဖြစ်ပွားပြီးနောက် တောင်ကုတ်မြို့တွင်း တစ်နေရာအား တွေ့ရစဉ်။ (ဓာတ်ပုံ - Citizen Journalist) 

DMG ၊ ဇွန် ၁၇ 

ရခိုင်ပြည်၊ တောင်ကုတ်မြို့တွင် တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ကျေးရွာ ၁၀ ကျော်မှ ဒေသခံရာနှင့်ချီမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။ 

တောင်ကုတ်မြို့၊ ချောင်းကောက်ရပ်ကွက်အနီးတွင် ဇွန်လ ၁၅ ရက်က စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် ထွက်ပြေးနေကြခြင်း ဖြစ်သည်။ 

“မြို့ခံအများစုက ပိတ်မိနေတယ်။ စစ်ကောင်စီက လမ်းပိတ်ထားလို့ ထွက်ပြေးဖို့ လမ်းမရှိဘူး။ တိုက်ပွဲဖြစ်တဲ့နေ့က ဗုံးအလုံးရာနဲ့ချီပြီးလာကြဲတာ။ လူတွေကကြောက်ပြီး ဆောက်တည်ရာမရ ဖြစ်နေကြတယ်” ဟု တောင်ကုတ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။ 

ဇွန်လ ၁၅ ရက်၊ မွန်းလွဲ ၁ နာရီခန့်အချိန် တောင်ကုတ်မြို့အနီးရှိ ကျေးရွာများကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့သည်။ ဗုံးစထိမှန်၍ ရွာသစ်ကေကျေးရွာမှ အသက် ၂၀ အရွယ် ကိုမောင်လှိုင်ဝင်း သေဆုံးသွားခဲ့သည်။ 

ထွက်ပြေးနေသည့်ဒေသခံများမှာ တောင်ကုတ်မြို့ ချောင်းကောက်ရပ်ကွက်၊ ဝဲကြီး၊ ဝက်ကျိပ်၊ သင်္ဘောဆိပ်၊ ရေလယ်ကျွန်း စသည့်ကျေးရွာများမှဖြစ်ပြီး အများစုမှာ ဘုန်းကြီးကျောင်းများ၌ ခိုလှုံလျက်ရှိကြောင်း သိရသည်။ 

“အေအေက တောင်ကုတ်မြို့ကို ဝိုင်းထားပြီ။ တိုက်ပွဲတော့ ထပ်ဖြစ်တာမရှိသေးဘူး။ တိုက်ပွဲဖြစ်တဲ့နေ့ကတော့ စစ်ကောင်စီဘက်က ဗိုလ်ကြီးတွေ ကျသွားတာရှိတယ်” ဟု တောင်ကုတ်ဒေသခံတစ်ဦးက ပြောသည်။ 

တောင်ကုတ်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ရင်းများမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။ 

တောင်ကုတ်မြို့တွင် စစ်ကောင်စီတပ်မ စကခ (၅)၊ ခမရ (၅၄၄)၊ ခမရ (၃၄၆)တို့ ရှိပြီး ဒေသအတွင်း ကုန်းလမ်း၊ ရေလမ်းခရီးကို စစ်ကောင်စီက ပိတ်ဆို့ထားသည်။

ဗီဒီယိုများ