ကုလားတန်မြစ်တွင် စစ်ဘေးရှောင်တစ်ဦး ရေနစ်သေဆုံး

ရခိုင်ပြည်၊ ကျောက်တော်မြို့၊ နေပူခံစစ်ဘေးရှောင်စခန်းမှ အမျိုးသားတစ်ဦးမှာ ယမန်နေ့ (ဇူလိုင် ၂၈) ညနေပိုင်းက ကုလားတန်မြစ်အတွင်း ရေနစ်သေဆုံးသွားကြောင်း မိသားစုဝင်များက ပြောသည်။

By Admin 29 Jul 2024

ကုလားတန်မြစ်တွင် စစ်ဘေးရှောင်တစ်ဦး ရေနစ်သေဆုံး

DMG ၊ ဇူလိုင် ၂၉

ရခိုင်ပြည်၊ ကျောက်တော်မြို့၊ နေပူခံစစ်ဘေးရှောင်စခန်းမှ အမျိုးသားတစ်ဦးမှာ ယမန်နေ့ (ဇူလိုင် ၂၈) ညနေပိုင်းက ကုလားတန်မြစ်အတွင်း ရေနစ်သေဆုံးသွားကြောင်း မိသားစုဝင်များက ပြောသည်။

သေဆုံးသွားသူ အသက် ၂၁ နှစ်အရွယ် မောင်မင်းဇော်လှိုင်မှာ ကျောက်တော်မြို့၊ အိန္ဒိယဆိပ်ကမ်းတွင် ကုန်တင်ကုန်ချလုပ်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

မိသားစုဝင်တစ်ဦးက “သူက ကြုံရာကျပန်း ကုန်တင်ကုန်ချလုပ်နေတာပါ။ ဒီမှာက အိန္ဒိယဆိပ်ကမ်းကို ကပ်လာတဲ့ ကုန်တင်စက်လှေတွေကို အမြန်ဆုံး အပြိုင်အဆိုင် ကုန်တင်မယ်ဆိုပြီး အလုပ်လုယူရတယ်။ ဖြစ်တာက မနေ့က ကုန်စစ်လှေက မြစ်ထဲမှာရှိနေတုန်း အလုပ်ရလိုဇောနဲ့ ရေကူးပြီး စက်လှေကိုသွားတဲ့အခါမှာ ရေနစ်သွားတာပါ” ဟု ပြောသည်။

“ဆိပ်ကမ်းမှာ အလုပ်သမားတွေများတော့ ကုန်ပစ္စည်းတွေတင်ရဖို့အရေး လုယူကြရတယ်။ အခု မိုးများတာကြောင့် မြစ်ရေကလည်း ရေစီးကြမ်းတယ်။ အဲဒီမှာ မျှောပါသွားတာပါ။ စားဝတ်နေရေးအတွက် ဒီလိုဖြစ်ရတာကို အရမ်းဝမ်းနည်းမိတယ်” ဟု ၎င်းက ဆက်ပြောသည်။ 

ရေနစ်သေဆုံးသွားသူမှာ စစ်တွေမြို့နယ်ကနေ ကျောက်တော်၊ နေပူခံစစ်ဘေးရှောင်စခန်းတွင် စစ်ရှောင်နေသူ ဖြစ်ပြီး  လက်ရှိအချိန်တွင် ရုပ်အလောင်းကို ရှာမတွေ့သေးကြောင်း သိရသည်။ 

နေပူခံစစ်ဘေးရှောင်စခန်းမှ အမျိုးသမီးတစ်ဦးက “အကူအညီတွေနည်းတော့ အပြင်မှာ အလုပ်ထွက်လုပ်ရာကနေ ဖြစ်သွားရတာ။ ကျမတို့ကို ထမင်းနပ်မှန်အောင်တော့ အကူအညီ ပေးစေချင်တယ်” ဟု ပြောသည်။

ရခိုပြည်အတွင်း ဖုန်း၊ အင်တာနက်လိုင်းပြတ်တောက်နေမှု၊ ငွေကြေးနှင့် ကုန်ပစ္စည်းပြတ်လပ်နေမှုများကြောင့် ကူညီကယ်ဆယ်ရေးအဖွဲ့များ လုပ်ငန်းလည်ပတ်နိုင်မှု အားနည်းနေပြီး စစ်ဘေးရှောင်များမှာ စားဝတ်နေရေး ကျန်းမာရေးတို့တွင် များစွာအခက်အခဲဖြစ်နေရသည်။

ယင်းအပြင် တိုက်ပွဲများကြောင့် ထွက်ပြေးကြစဉ် လမ်းခုလတ်တွင် တံတားကျိုးကျမှု၊ ရေနစ်မှုများကြောင့် သေဆုံး သည့် စစ်ဘေးရှောင်များလည်း ရခိုင်ဒေသတွင် ရှိလာနေသည်။

ဇူလိုင်လ ၂၇ ရက်ကလည်း  ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် တောင်ကျချောင်း ရေစီးပြင်းထန်မှုကြောင့် ကျွဲအိုတံတား ကျိုးကျရာတွင် စစ်ဘေးရှောင်ကလေးငယ်များအပါအဝင် ဒေသခံ ၇ ဦးထက်မနည်း သေဆုံးသွားခဲ့သည်။