ရခိုင်တွင် အခြေခံကုန်ဈေးနှုန်းများ ဆက်လက်မြင့်တက်

အာဏာသိမ်းမှု ၃ နှစ်ကျော်အတွင်း လက်ရှိ ရခိုင်ပြည်တွင်း ကုန်ဈေးနှုန်းမှာ စံချိန်တင် မြင့်တက်နေခြင်းဖြစ်သည်။ တချို့စားကုန်များမှာ အာဏာမသိမ်းခင်က ဈေးနှုန်းထက် ဆယ်ဆက်ကျော်အထိ မြင့်တက်နေသည်။

By Admin 21 Aug 2024

ရခိုင်တွင် အခြေခံကုန်ဈေးနှုန်းများ ဆက်လက်မြင့်တက်

DMG ၊ ဩဂုတ် ၂၀

ရခိုင်ပြည်အတွင်း အခြေခံစားသောက်ကုန်နှင့် စက်သုံးဆီဈေးနှုန်းများမှာ ယခုလအတွင်းမှာပင် ဆက်လက် မြင့်တက်နေဆဲဖြစ်ကြောင်း DMG ကောက်ယူထားသည့် စာရင်းများအရ သိရသည်။

ဩဂုတ်လ ၃ ရက်တွင် DMG က ကောက်ယူခဲ့သည့် အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ငရုတ်သီးခြောက် တစ်ပိဿာလျှင် ၃၅,၀၀၀ ကျပ်၊ ဟင်းချိုမှုန့် တစ်ပိဿာလျှင် ၂၇,၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် ၁၇,၀၀၀ ကျပ်နှင့် စက်သုံးဆီ တစ်လီတာလျှင် ၁၄,၅၀၀ ကျပ် ဖြစ်သည်။

ဩဂုတ်လ ၁၉ ရက်စာရင်းတွင် ငရုပ်သီးခြောက် ၄၅,၀၀၀ ကျပ်၊ ဟင်းချိုမှုန့် ၂၈,၀၀၀ ကျပ်၊ ကြက်သွန်နီ ၁၆,၀၀၀ ကျပ်နှင့် စက်သုံးဆီ ၁၆,၀၀၀ ကျပ်အထိ ဆက်လက် မြင့်တက်နေသည်။

“စားကုန်တွေ၊ စက်သုံးဆီတွေကတော့ အိန္ဒိယဖက်၊ ပဲခူးနဲ့ ပြည်မဖက်တွေက ခက်ခက်ခဲခဲဝင်တဲ့ အခြေအနေဆို ဈေးကသိပ်မတက်ဘူး။ ဒါပေမယ့် လုံးဝ ခရီးလမ်းခက်ခဲတဲ့အချိန်၊ နည်းနည်း ကုန်ပစ္စည်းဝင်တာရပ်သွားတာနဲ့ ထိုးတက်တော့တာပဲ” ဟု ကျောက်တော်မြို့နယ်မှ ကုန်သည်တစ်ဦးက ပြောသည်။

တခြားအခြေခံစားသောက်ကုန် ဈေးနှုန်းများမှာ ထပ်မံမြင့်တက်ခြင်း မရှိသော်လည်း လက်ရှိစံချိန်တင်ဈေးနှုန်းမှ ကျဆင်းမှုမရှိသေးကြောင်း DMG ၏ စာရင်းကောက်ယူချက်တွင် ဖော်ပြသည်။ 

အာဏာသိမ်းမှု ၃ နှစ်ကျော်အတွင်း လက်ရှိ ရခိုင်ပြည်တွင်း ကုန်ဈေးနှုန်းမှာ စံချိန်တင် မြင့်တက်နေခြင်းဖြစ်သည်။ တချို့စားကုန်များမှာ အာဏာမသိမ်းခင်က ဈေးနှုန်းထက် ဆယ်ဆက်ကျော်အထိ မြင့်တက်နေသည်။

အာဏာမသိမ်းခင်က ကြက်သွန်ဖြူ တစ်ပိဿာကို ငွေကျပ် ၄,၀၀၀ မှ လက်ရှိတွင် ငွေကျပ် ၄၅,၀၀၀၊ ငရုတ်သီးခြောက် တစ်ပိဿာကို ၈,၀၀၀ ကျပ်မှ လက်ရှိ ၃၅,၀၀၀ ကျပ်အထိ မြင့်တက်နေသည်။

“တချို့ကုန်တွေက ဒီလအတွင်းမှာ ဈေးမတက်ပေမယ့် နဂိုကတည်းက ထိုးတက်ထားတဲ့ ကုန်တွေလေ။ ကြက်သွန်ဖြူဆိုရင် ၄ သောင်းခွဲက လုံးဝမကျဘူး။ တစ်ရက်လုပ်မှ တစ်ရက်စားရတဲ့ လူတွေကတော့ ပိုပြီးကျပ်တည်းနေတာပါပဲ” ဟု မြောက်ဦးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲများ စတင်သည့်အချိန်မှစ၍ စစ်ကောင်စီက ကုန်စည်စီးဆင်းမှုလမ်းကြောင်းများကို ပိတ်ဆို့ဖြတ်တောက်ထားသဖြင့် ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာရခြင်းဖြစ်သည်။ ကုန်ဈေးနှုန်းဒဏ်ကို စစ်ဘေးရှောင်များက ပိုမိုခံစားနေရသည်။ 

စစ်အာဏာသိမ်းမှု သုံးနှစ်ကျော်အတွင်း မြန်မာ့စီးပွားရေးမှာ အဆိုးရွားဆုံးအခြေအနေထိ ချွတ်ခြုံကျနေပြီး ငွေကြေးဖောင်းပွမှု များလာသလို ရခိုင်ဒေသတွင် ငွေသားရှားပါးမှုဒဏ်ကိုပါ အကြီးအကျယ် ခံစားနေရသည်။