ARSA၊ RSO အန္တရာယ်ကို အထူးဂရုစိုက်ကြရန် AA သတိပေး

အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် မောင်တောမြို့နယ်မြောက်ပိုင်း လိပ်ရကျေးရွာအနီးတွင် RSO အဖွဲ့နှင့် AA တို့ ပြီးခဲ့သည့် အောက်တိုဘာ ၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။

By Admin 08 Oct 2024

အောက်တိုဘာ ၆ ရက်နေ့က ဘူးသီးတောင်မြို့နယ်ရှိ  ARSA တပ်စခန်းမှ AA သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ။ (ဓာတ်ပုံ - AA Info Dek)
အောက်တိုဘာ ၆ ရက်နေ့က ဘူးသီးတောင်မြို့နယ်ရှိ ARSA တပ်စခန်းမှ AA သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ။ (ဓာတ်ပုံ - AA Info Dek)

DMG ၊ အောက်တိုဘာ ၈

ရခိုင်ပြည် ဘူးသီးတောင်၊ မောင်တောဒေသတွင် လှုပ်ရှားနေသည့် ARSA၊ RSO လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် ဒေသခံများအား အကြမ်းဖက်လုပ်ရပ်များကို ခပ်စိပ်စိပ်ပြုလုပ်လာနေ၍ လုံခြုံရေးသတိအပြည့်ဖြင့် နေထိုင်ကြရန် AA က တိုက်တွန်းလိုက်သည်။

“ပြည်သူများအနေဖြင့် အကြမ်းဖက်လုံခြုံရေးဆိုင်ရာ သတိအပြည့်ဖြင့် နေထိုင်ကြရန်၊ မသွားမဖြစ် သွားလာရမည့် ခရီးများတွင် လုံခြုံရေးသတိအပြည့်ဖြင့် စောင့်ကြည့်ကြရန် သတိပေးတိုက်တွန်းကြောင်း” ဆိုသည်။

အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် မောင်တောမြို့နယ်မြောက်ပိုင်း လိပ်ရကျေးရွာအနီးတွင် RSO အဖွဲ့နှင့် AA တို့ ပြီးခဲ့သည့် အောက်တိုဘာ ၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၇ ရက် AA ထုတ်ပြန်ချက်တွင် နယ်မြေလုံခြုံရေး ကင်းလှည့်နေသည့် AA တပ်ဖွဲ့ဝင်များနှင့် RSO တို့ လိပ်ရစခန်းအနီးတွင် မိနစ်အနည်းငယ်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။ 

တိုက်ပွဲအတွင်း RSO အဖွဲ့ထံမှ MA-2 ၊ G3 သေနတ်များနှင့်အတူ  စစ်အသုံးအဆောင်ပစ္စည်းအချိုကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းအပြင် အောက်တိုဘာ ၆ ရက်နေ့က ဘူးသီးတောင်မြို့နယ်၊ ရွှေထား (မွတ်ဆလင်) ရွာ၏ အနောက်ဘက် (၄.၉) ကီလိုမီတာအကွာအဝေး၌ ARSA အဖွဲ့၏ တပ်စခန်းတစ်ခုအား AA က တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့ကြောင်း ဆိုသည်။

ARSA၊ RSO တပ်ဖွဲ့ဝင်များအသုံးပြုသော လက်နက်ခဲယမ်းအများစုမှာ စစ်ကောင်စီစက်ရုံထုတ် လက်နက်များဖြစ်ပြီး စစ်ကောင်စီကိုယ်တိုင် တပ်ဆင်ပေးထားသော လက်နက်များ၊ နင်းမိုင်း၊ မြေမြှုပ်မိုင်း၊ စွန့်လွှတ်မိုင်းများ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စက်တင်ဘာလ ၃၀ တွင် မေယုတောင်ခြေရင်း လက်ဝဲချောင်း၌ ငါးရှာသွားသွားသည့် မောင်တော ကိုင်းကြီးရွာမှ ဒေသခံ ၄ ဦးကို ARSA  အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသဖြင့်  ရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန (DLEPS) တပ်ဖွဲ့ဝင်များ၊ AA တပ်ဖွဲ့ဝင်များ၊ ဒေသခံများ စုပေါင်း၍ လိုက်လံရှာဖွေ နေကြောင်း သိရသည်။

ARSA၊ RSO၊ ARA တို့သည် ဘူးသီးတောင်၊ မောင်တော တိုက်ပွဲများတွင် စစ်ကောင်စီနှင့် ပူးပေါင်းပြီး AA ကို တိုက်ခိုက်နေသည့် အုပ်စုဖြစ်သည်။ AA ဘက်ကတော့ ရခိုင်ပြည်အတွင်းရှိ မည်သည့်လက်နက်ကိုင်အုပ်စုကိုမဆို ပြတ်သားစွာ တိုက်ခိုက်ချေ မှုန်းသွားမည်ဟု ပြောဆိုထားသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၆ ရက်နေ့က  မောင်တော တောင်ပြိုမြို့ကနေ ကုန်ပစ္စည်းတွေဝယ်ယူပြီး ပြန်လာသည့် အရပ်သားကားတစ်စီးကို ARSA အဖွဲ့က ပစ်ခတ်ခဲ့သဖြင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သည်။