မောင်တောကျပြီးနောက် မွတ်ဆလင်လက်နက်ကိုင် အဖွဲ့သစ်တစ်ဖွဲ့ ထွက်ပေါ်လာ

ANDF အဖွဲ့သည် လက်ရှိတွင် စစ်တွေတပ်နယ်ရှိ စစ်ကောင်စီလက်အောက်တွင် စစ်သင်တန်း တက်ရောက်လျက်ရှိကြောင်း လုံခြုံရေးအရအမည်မဖော်လိုသည့် မွတ်ဆလင်အသိုင်းဝိုင်းမှ ဩဇာရှိသူတစ်ဦးက ပြောသည်။

By Admin 13 Dec 2024

လူမှုကွက်ယက်ပေါ် ပျံ့နှံနေသော ဗီဒီယိုတွင်တွေ့ရသော ANDF တပ်ဖွဲ့ဝင်များ။ 
လူမှုကွက်ယက်ပေါ် ပျံ့နှံနေသော ဗီဒီယိုတွင်တွေ့ရသော ANDF တပ်ဖွဲ့ဝင်များ။ 

DMG ၊ ဒီဇင်ဘာ ၁၃

ရခိုင်တွင် မြို့နယ်အများစုကို သိမ်းပိုက်ထိန်းချုပ်ထားသည့် အာရက္ခတပ်တော်(AA)ကို တိုက်ခိုက်ရန်ဟုဆိုကာ Arakan National Defence Force – ANDF အမည်ပေးထားသည့် မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့ အသစ်တစ်ဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ဗီဒီယိုဖိုင်နှင့်တကွ လူမှုကွန်ယက်စာမျက်နှာတွင် ပျံ့နှံ့နေသည်။

ယင်းဗီဒီယိုဖိုင်မှာ မောင်တောမြို့နယ်ကို AA က အလုံးစုံ သိမ်းပိုက်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဗွီဒီယိုဖိုင်တွင် ANDF အဖွဲ့ဝင်တစ်ဦးက AA ကို တိုက်ခိုက်သွားမည်ဟု အဓိပ္ပာယ်သက်ရောက်သော “ငါတို့ဟာ ရခိုင်ပြည်ကို ရောက်နေပြီ။ ငါတို့ အလုပ်အများကြီး လုပ်သွားမယ်” ဟု ပြောဆိုထားသည်။

မွတ်ဆလင်အသိုင်းအဝိုင်းထံ DMG က စုံစမ်းလေ့လာချက်အရ ANDF အဖွဲ့ကို RSO အဖွဲ့ခေါင်းဆောင်ဟောင်း ဒေါက်တာအီနစ် ဆိုသူက ဦးဆောင်ကာ အင်အား ၅၀ ခန့်ရှိကြောင်း၊ ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက စတင်ဖွဲ့စည်းခြင်းဖြစ်ပြီး ယခုရက်ပိုင်းမှ လူသိရှင်ကြား ကြေညာလာခြင်းကြောင်း သိရသည်။ 

ANDF အဖွဲ့သည် လက်ရှိတွင် စစ်တွေတပ်နယ်ရှိ စစ်ကောင်စီလက်အောက်တွင် စစ်သင်တန်း တက်ရောက်လျက်ရှိကြောင်း လုံခြုံရေးအရအမည်မဖော်လိုသည့် မွတ်ဆလင်အသိုင်းဝိုင်းမှ ဩဇာရှိသူတစ်ဦးက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူ ဦးလှသိန်းကို DMG က ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း အဆင်မပြေခဲ့ပေ။

ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောတိုက်ပွဲများတွင် စစ်ကောင်စီသည့် မွတ်ဆလင်လက်နက်ကိုင်အုပ်စု RSO၊ ARSA၊ ARA အဖွဲ့များ၊ ၎င်းတို့ သင်တန်းပေးထားသည့် မွတ်ဆလင်များနှင့်ပူးပေါင်းပြီး AA ထိုးစစ်ကို ခုခံခဲ့သော်လည်း အရေးနိမ့်ခဲ့ရသည်။

“ရခိုင်ဒေသမှာက ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်တို့မှာ မွတ်ဆလင်အများဆုံး နေထိုင်တယ်။ ဒီဒေသတွေအားလုံးကို AA က သိမ်းလိုက်ပြီဆိုတော့ အနီးစပ်ဆုံး စစ်တွေကျန်သေးတယ်။ စစ်တွေမှာက ရခိုင်ကျေးရွာတွေ မရှိတော့ဘူး။ စစ်ဘေးရှောင်သွားကြပြီ။ မွတ်ဆလင်ရွာတွေ ရှိသေးတယ်။ ဒီတော့ စစ်တွေတိုက်ပွဲမှာလည်း ရှေ့နည်းတူ မွတ်ဆလင်အုပ်စု အသစ်တစ်ခုဖန်တီးပြီး စစ်ကောင်စီက ခုခံမယ်ဆိုတဲ့သဘော တွေးနိုင်တယ်” ဟု ရခိုင်စစ်ရေးလေ့လာသူတစ်ဦးက မှတ်ချက်ပြုသည်။ 

သို့သော်လည်း ANDF အဖွဲ့မှာ RSO အဖွဲ့မှ ခွဲထွက်လာသည့် အဖွဲ့ငယ်တစ်ခုသာဖြစ်၍ AA ကို တိုက်ခိုက်နိုင်မည့် အနေအထားမရှိဘဲ စစ်ကောင်စီ အသုံးချခံတစ်ခုထက် မပိုနိုင်ကြောင်း  လေ့လာသူများက ပြောဆိုကြသည်။

၈၈ မျိုးဆက် ရခိုင်ကျောင်းသားခေါင်းဆောင်ဟောင်းတစ်ဦးက “အခု အာရက္ခတပ်တော်အနေနဲ့ အောင်မြင်မှု အများကြီးရ ထားတာဖြစ်တယ်။ AA ဟာ စစ်ရေးရင့်ကျက်ပြီးသားဖြစ်တယ်။ Defence Force တစ်ခုအနေနဲ့ သူတို့ နာမည်ရွေးထားတာကတော့ မြန်မာပြည်ရဲ့ နိုင်ငံရေးကို ချဉ်းကပ်တဲ့သဘောပေါ့။ ဒါတွေကိုတော့ သိပ်စဉ်းစားစရာမလိုဘူး။ ဗီဒီယိုင်ဖိုင်မှာတင်ထားတဲ့ အတိုင်း AA ကို ချေမှုန်းသွားမယ်ဆိုတာကလည်း သူတို့ရဲ့ အိမ်မက်တွေသာဖြစ်တယ် ” ဟု ပြောသည်။

မွတ်စလင်လက်နက်ကိုင်အုပ်စုများမှာ မောင်တောခရိုင်ရှိ မေယုတောင်တန်းနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် စခန်းချနေထိုင်နေပြီး AA နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ရှိသည့်အပြင် ဒေသခံများကို ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေသည်။ 
၎င်းအဖွဲ့များသည် ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်ဒုက္ခသည်များကိုလည်း ဖမ်းဆီးသတ်ဖြတ်မှုများရှိနေ၍ မွတ်ဆလင်အသိုင်းဝိုင်းကြားတွင် ထောက်ခံအားပေးမှု နည်းပါးကြောင်း ပြောဆိုကြသည်။

“အဲဒီအဖွဲ့အစည်းတွေဟာ ကော့ဘဇားဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာအထင်ကရ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးမိုဟိတ်ဘုလ္လာ အပါအ၀င် ဘာသာရေးခေါင်းဆောင်တွေ၊ ကျောင်းဆရာတွေ၊ ကျောင်းသားတွေနဲ့ ဒုက္ခသည် ၅၀၀ ခန့်ကို သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်တွေရှိသလို၊ ပြည်တွင်းမှာလည်း အရပ်သားပြည်သူတွေကို သတ်ဖြတ်တာတွေရှိတယ်။ သူတို့တွေဟာ ကိုယ်ကျိုးဆောင် မူးယစ်အကြမ်းဖက်ကောင်တွေသာ ဖြစ်တယ်” ဟု ကော့ဘဇားဒုက္ခသည်စခန်းမှ မွတ်ဆလင်တစ်ဦးက ပြောသည်။

လက်ရှိတွင် AA သည် ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်မှ မြို့နယ် ၁၁ ခုကို သိမ်းပိုက်ထိန်းချုပ်ထားပြီး အမ်း၊ တောင်ကုတ်၊ ဂွ တွင် တိုက်ပွဲပြင်းထန်နေသည်။ မြို့နယ် (၁၇) ခုဖြင့် ဖွဲ့စည်းထားသော ရခိုင်ဒေသတွင် စစ်ကောင်စီ ထိန်းချုပ်ထားသည်မှာ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့တို့သာ ကျန်ရှိတော့ပြီဖြစ်သည်။