ARSA ပစ်ခတ်မှုကြောင့် မောင်တောဒေသခံတစ်ဦး သေဆုံး
မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များဖြစ်သည့် ARSA၊ RSO၊ ARA တို့သည် မောင်တော၊ ဘူးသီးတောင်နှင့် မေယုတောင်တန်းတကြောတွင် လှုပ်ရှားပြီး ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်မှု၊ ပြန်ပြေးဆွဲမှု၊ ပစ်ခတ်တိုက်ခိုက်မှု၊ ငွေညှစ်မှုများ လုပ်ဆောင်လျက်ရှိသည်။
05 Dec 2024
DMG ၊ ဒီဇင်ဘာ ၅
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အောင်ဇေယျကျေးရွာမှ အမျိုးသားတစ်ဦးမှာ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ ARSA ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
အသက် (၆၀) ကျော်အရွယ် ဦးကျော်သာအောင်မှာ ဒီဇင်ဘာ ၄ ရက်နေ့က ညနေပိုင်းက ရွာအနီးလယ်ကွင်း၌ နွားကျောင်းနေစဉ် ARSA အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သွား၍ သေဆုံးခဲ့ခြင်းဖြစ်သည်။
“ဒီနေ့မှ ကျနော်တို့သိတာ။ မနေ့က ညနေ ၅ နာရီလောက်က အပစ်ခံရလို့ သေဆုံးသွားတာ။ အဲဒီအနားမှာ အာဆာက အရပ်သားတွေကို အန္တရာယ်ပြုမှုတွေ ရှိနေတယ်။ အခု စပါးပေါ်ချိန်ဆိုတော့ ဒေသခံတွေမှာ စပါးရိတ်သိမ်းဖို့တောင် သွားဖို့ကြောက်နေကြတယ်” ဟု မောင်တောဒေသခံတစ်ဦးက ပြောသည်။
မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များဖြစ်သည့် ARSA၊ RSO၊ ARA တို့သည် မောင်တော၊ ဘူးသီးတောင်နှင့် မေယုတောင်တန်းတကြောတွင် လှုပ်ရှားပြီး ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်မှု၊ ပြန်ပြေးဆွဲမှု၊ ပစ်ခတ်တိုက်ခိုက်မှု၊ ငွေညှစ်မှုများ လုပ်ဆောင်လျက်ရှိသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၆ ရက်က မောင်တောမြို့နယ်၊ တောင်ပြိုမြို့မှ ကုန်ပစ္စည်းဝယ်ယူပြီး ပြန်လာသည့် ဒေသခံ ၇ ဦးကို ARSA အဖွဲ့က ခြုံခိုတိုက်ခိုက်မှုကြောင့် တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့သည်။
“ကျမတို့ မောင်တောဒေသခံတွေမှာ ARSA စိုးရိမ်စိတ်က အမြဲတမ်း ခြောက်လှန့်မှုတစ်ခုလို ကြုံနေရတာ။ ARSA သတ်ဖြတ်တာကို အခုလိုကြုံနေရတော့ ဘယ်မှသွားရဲတော့မှာ မဟုတ်ဘူး။ အလုပ်ကိစ္စတွေနဲ့ သွားစရာရှိရင်လည်း ARSA နဲ့တွေ့မလားမသိဘူး ဆိုတဲ့ အတွေးက ဝင်ဝင်လာတယ်” ဟု မောင်တောမြို့နယ်မှ စစ်ဘေးရှောင်အမျိုးသမီး မဌေးဌေးမြင့်က ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လမှ အောက်တိုဘာလအထိ ARSA အဖွဲ့၏ ခြုံခိုတိုက်ခိုက်မှု၊ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တွင် အရပ်သား သေဆုံးသူ ၁၆ ဦးထက်မနည်းရှိပြီး၊ ဒဏ်ရာရရှိသူ ၁၀ ဦးထက်မနည်း ရှိနေသည်။
မောင်တောမြို့တွင်းရှိ ရခိုင်နှင့် မျိုးနွယ်စုဝင်များ၊ ဟိန္ဒူများ၊ မွတ်ဆလင် အရပ်သားများမှာ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များ၏ အန္တရာယ်ကြားမှာ စိုးရိမ်ထိတ်လန့်စွာဖြင့် နေထိုင်နေကြရသည်။
“သူတို့က လူထုကို နှိပ်စက်တာများတယ်။ လူတွေကို ဖမ်းတယ်။ လမ်းမှာတွေ့ရင်လည်း ဟိုဟာပေးရမယ်၊ ဒီဟာပေးရမယ်၊ လူသစ်တွေပေးရမယ်၊ မင်းတို့သားသမီးတွေပေးရမယ် ဆိုပြီးတော့ အမျိုးမျိုးနှောင့်ယှက်လို့ သူတို့ကို ထောက်ခံကြတာမျိုး မရှိပါဘူး။ ကျနော်တို့က အရင်ကတည်းက အဲဒီအဖွဲ့အစည်းတွေနဲ့ အဆက်အသွယ် လုံးဝမရှိခဲ့ဘူး” ဟု RSO ၏ ဖမ်းဆီးမှုကိုခံရပြီး ပြန်လွတ်လာသူ မောင်တောမြို့၊ လေးမိုင်ရပ်ကွက်မှ ကိုနိုရ်မိုဝ်ထော်ဖါက DMG နှင့် သီးသန့်အင်တာဗျူးတွင် ဖြေကြားထားသည်။
မောင်တောဒေသတွင် ARSA၊ RSO၊ ARA အဖွဲ့များသည် အာရက္ခတပ်တော်(AA)၏ လုံခြုံရေးတပ်ဖွဲ့ဝင်များကိုလည်း ခြုံခိုတိုက်ခိုက်မှုများရှိနေ၍ မကြာခဏ တိုက်ပွဲဖြစ်ပွားမှုများ ရှိနေသည်။
မောင်တောတွင် တစ်ခုတည်းကျန်ရှိနေသည့် နခခ (၅) ကို အာရက္ခတပ်တော်က ဆက်လက်တိုက်ခိုက်နေပြီး မွတ်ဆလင်လက်နက်ကိုင်များနှင့်လည်း တိုက်ခိုက်နေရသည်။ ရခိုင်ဒေသတွင် အာရက္ခတပ်တော်မှလွှဲ၍ မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းကိုမျှ အခြေချခွင့်မပြုကြောင်း AA ပြတ်သားစွာ ပြောဆိုထားသည်။