စစ်ကောင်စီဗုံးကြဲမှုကြောင့် သံတွဲ စစ်ဘေးရှောင်တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

ညောင်ခြေထောက်ရွာသည် သံတွဲ - တောင်ကုတ် ကားလမ်းမဘေးတွင်တည်ရှိပြီး ဆင်ခေါင်းနှင့် လင်းသီ ကျေးရွာတို့မှ ထွက်ပြေးတိမ်းရှောင်လာသူများ ခိုလှုံနေထိုင်လျက်ရှိသည်။ 

By Admin 02 Oct 2024

စစ်ကောင်စီသည် စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း သံတွဲမြို့ကို  လေကြောင်းဗုံးကြဲခဲ့သည်။
စစ်ကောင်စီသည် စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း သံတွဲမြို့ကို လေကြောင်းဗုံးကြဲခဲ့သည်။

DMG ၊ အောက်တိုဘာ ၂

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ညောင်ခြေထောက်ရွာကို အောက်တိုဘာ ၁ ရက် ညနေ ၃ နာရီခွဲခန့်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်တစ်ဦး သေဆုံးပြီး၊ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ညောင်ခြေထောက်ရွာသည် သံတွဲ - တောင်ကုတ် ကားလမ်းမဘေးတွင်တည်ရှိပြီး ဆင်ခေါင်းနှင့် လင်းသီ ကျေးရွာတို့မှ ထွက်ပြေးတိမ်းရှောင်လာသူများ ခိုလှုံနေထိုင်လျက်ရှိသည်။ 

“သေတာက တစ်ယောက်၊ ဒဏ်ရာရတာ တစ်ယောက်ပါ။ သေဆုံးဒဏ်ရာရသူတွေရဲ့ အမည်နဲ့ အချက်အလက်ကို စုံစမ်းနေဆဲဖြစ်ပါတယ်” ဟု သံတွဲဒေသခံ တက်ကြွလှုပ်ရှားသူတစ်ဦးက ဆိုသည်။

စစ်ကောင်စီသည် သံတွဲမြို့နယ်ရှိ စစ်ဘေးရှောင်များနေထိုင်ရာနှင့် ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်နေပြီး အရပ်သားထိခိုက်သေဆုံးမှု တိုးလာနေသည်။

“အရပ်သားတွေ စစ်ရှောင်တွေ ခိုလှုံနေတာကို ဗုံးကြဲတယ်ဆိုတာက ပြည်သူထိခိုက်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေတာလို့ပဲ မြင်တယ်” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

စက်တင်ဘာ ၂၆ ရက်က သံတွဲမြို့ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် စစ်ဘေးရှောင် ၁၄ ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့ကာ စက်တင်ဘာ ၂၃ ရက်ကလည်း ပေါက်တူးကျေးရွာကို လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ၃ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့သည်။

သံတွဲမြို့နယ်ကို AA က အလုံးစုံသိမ်းပိုက်ခဲ့သည့် စက်တင်ဘာ ၅ ရက်မှစ၍ လေကြောင်းပစ်ခတ်မှုများကြောင့် ထိခိုက်သေဆုံးသူ ၅၅ ဦးအထိ ရှိနေကြောင်း DMG က ကောက်ယူထားသော စာရင်းများအရ သိရသည်။