သံတွဲမှာ တံတားကျိုးပြီး စစ်ရှောင်ကလေးများ အပါအဝင် ၇ ဦးထက်မနည်းသေဆုံး

သံတွဲမြို့နယ်တွင် မိုးကြီးနေ၍ တောင်ကျချောင်း ရေစီးပြင်းထန်မှုကြောင့် ကျွဲအိုတံတားကျိုးကျရာတွင် စစ်ဘေးရှောင်ကလေးငယ်များအပါအဝင် ၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

By Admin 28 Jul 2024

ဇူလိုင်လ ၁၉ ရက်နေ့က စစ်ကောင်စီဖျက်ဆီးခဲ့သည့် သံတွဲမြို့နယ်၊ ဆင်ဒင်လေးတံတားအား တွေ့ရစဉ်။ (ဓာတ်ပုံ- CJ)
ဇူလိုင်လ ၁၉ ရက်နေ့က စစ်ကောင်စီဖျက်ဆီးခဲ့သည့် သံတွဲမြို့နယ်၊ ဆင်ဒင်လေးတံတားအား တွေ့ရစဉ်။ (ဓာတ်ပုံ- CJ)

DMG၊ ဇူလိုင် ၂၈

ရခိုင်ပြည် သံတွဲမြို့နယ်တွင် မိုးကြီးနေ၍ တောင်ကျချောင်း ရေစီးပြင်းထန်မှုကြောင့် ကျွဲအိုတံတား ကျိုးကျရာ တွင် စစ်ဘေးရှောင် ကလေးငယ်များအပါအဝင် ဒေသခံ ၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံများက ပြော သည်။

ဇူလိုင်လ ၂၇ ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲပြင်းထန်နေသည့် ဂျိတ္တောဖက်က စစ်ရှောင်ဒေသခံများမှာ သံတွဲမြို့ အနီးရှိ ကျွဲအိုတံတားကို ဖြတ်သန်းနေစဉ်မှာ တံတား ကျိုးကျသွားခြင်းဖြစ်ပြီး စစ်ဘေးရှောင် ၇ ဦးထက်မနည်း သေဆုံးခဲ့ကာ ကလေး ၃ ဦး၏ ရုပ်အလောင်းများကို ရှာဖွေရရှိထားသည်ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။

“ဂျိတ္တောမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေကြတာကြောင့် ဒေသခံတွေက သံတွဲဖက်ကို စစ်ရှောင်လာကြတာလို့ သိရတယ်။ အဲဒီမှာ ကျွဲအိုတံတားအရောက်မှာ တံတားပြိုကျပြီးတော့ စစ်ဘေးရှောင် ၇ ဦးထက်မနည်း သေဆုံးသွားတယ်လို့ သိရတယ်။ အခုတော့ ဆယ်ကျော်အသက်အရွယ်ကလေး ၃ ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ထားတယ်လို့ သိရတယ်။ အဲဒီရက်ပိုင်းက သံတွဲမှာက ရေကြီးနေတာကြောင့် ရေစီးကြောင့် တံတားက ကျိုးကျသွားတာဖြစ်နိုင်တယ်” ဟု ပြောသည်။

လက်ရှိမှာ ပျောက်ဆုံးနေသူများကိုလည်း ဆက်လက် ရှာဖွေမှုများပြုလုပ်နေကြသည်ဟုလည်း သိရသည်။ သံတွဲမြို့ နယ်အတွင်းမှာ ဖုန်းလိုင်းများပြတ်တောက်နေသည့်အတွက် တံတားကျိုးကျပြီး သေဆုံးသွားသူများ၏ အမည်နှင့် အသက်များကို အတိအကျရရှိဖို့ ခက်ခဲနေဆဲဖြစ်သည်။

“အခုက သံတွဲမှာက ဖုန်းလိုင်း၊ အင်တာနက်ပြတ်တောက်နေတော့ ဆက်သွယ်ရေးအခက်ခဲ့ရှိတယ်။ တံတားကျိုးပြီး သေဆုံးသူတွေရဲ့ အမည်အသက်တွေကို စုံစမ်းနေကြဆဲဖြစ်တယ်” ဟု သံတွဲ စစ်ဘေးရှောင် တစ်ဦးကပြောသည်။

ဇူလိုင် ၂၀ ရက်နေ့ကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သံတွဲအပါအဝင် တောင်ကုတ်၊ ဂွမြို့နယ်တို့တွင် ရေကြီး ရေလျှံမှုများ ဖြစ်ခဲ့သည်။

အခြားတစ်ဖက်တွင်လည်း သံတွဲမြို့နယ် ငပလီမြို့ ဂျိတ္တောရပ်ကွက်မှာ စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ အကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုများလည်း ရှိနေကြသည်။

အလားတူ သံတွဲမြို့နယ်အတွင်းမှာ တိုက်ပွဲကာလ အတွင်းပျောက်ဆုံးနေသည့် အရပ်သား ရာနှင့်ချီပြီး ရှိနေ သည်ဟု ဒေသခံများထံက သိရသည်။

သံတွဲမြို့နယ်အတွင်းတိုက်ပွဲကာလ ၃ လကျော်အတွင်းမှာ အာရက္ခတပ်တော်က စစ်ကောင်စီတပ်ရင်းနှစ်ခုနှင့် သံတွဲမြို့တို့ကို  သိမ်းပိုက်ထားပြီး လက်ကျန်တပ်ရင်းဖြစ်သည့် မောင်ရွှေလေးရေတပ်ကို AA က ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။