ကုန်ပစ္စည်းပြတ်လပ်မှုကြောင့် ရမ်းဗြဲဒေသခံများ အခက်ကြုံ

ယခင်က တောင်ကုတ်နှင့် သံတွဲမြို့နယ်များမှ ကုန်ပစ္စည်းများကို ရမ်းဗြဲသို့ ရေကြောင်းဖြင့် ကုန်သွယ်နိုင်ခဲ့ကြပြီး လက်ရှိတွင် ယင်းဒေသများ၌ တိုက်ပွဲပြင်းထန်နေမှုကြောင့် ကုန်သွယ်မှုရပ်တန့်နေကြောင်း သိရသည်။ 

By Admin 04 Jul 2024

တိုက်ပွဲကာလ နေရပ်စွန့်ခွာထွက်ပြေးနေသည့် ရမ်းဗြဲဒေသခံများ။ ဓာတ်ပုံ - Ko Ko Naing
တိုက်ပွဲကာလ နေရပ်စွန့်ခွာထွက်ပြေးနေသည့် ရမ်းဗြဲဒေသခံများ။ ဓာတ်ပုံ - Ko Ko Naing

DMG ၊ ဇူလိုင် ၄

ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်တွင် အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ပြတ်လပ်နေသဖြင့် ဒေသခံများမှာ စားသောက်နေထိုင်ရေး အခက်အခဲဖြစ်နေကြောင်း သိရသည်။

ရခိုင်ဒေသသို့ ကုန်သွယ်မှုလမ်းကြောင်းများကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစတင်ပြီး စစ်ကောင်စီက ပိတ်ဆို့ထား၍ ဒေသအတွင်း ကုန်ပစ္စည်းပြတ်တောက် ရှားပါးမှုများ ဖြစ်ပေါ်နေသည်။

ယခင်က တောင်ကုတ်နှင့် သံတွဲမြို့နယ်များမှ ကုန်ပစ္စည်းများကို ရမ်းဗြဲသို့ ရေကြောင်းဖြင့် ကုန်သွယ်နိုင်ခဲ့ကြပြီး လက်ရှိတွင် ယင်းဒေသများ၌ တိုက်ပွဲပြင်းထန်နေမှုကြောင့် ကုန်သွယ်မှုရပ်တန့်နေကြောင်း သိရသည်။ 

“တောင်ကုတ်နဲ့ သံတွဲ အခြေအနေကောင်းတုန်းကတော့ မြစ်အတွင်းမှာ နေဗီတွေက အစစ်အဆေးကြမ်းရင်လည်း သယ်လို့ရသေးတယ်။ တခါတလေကျရင် ပါလာတဲ့ကုန်တွေကို စစ်ကောင်စီတပ်သားတွေ ယူထားလိုက်တာရှိပေမဲ့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကုန်ကူးလို့ရသေးတယ်။ အခုက တောင်ကုတ်လည်း အခြေအနေသိပ်မကောင်းတော့ ပိုပြီး လုပ်ရကိုင်ရအဆင်မပြေတော့ဘူး။ ကုန်ပစ္စည်းရနိုင်ဖို့ မဖြစ်နိုင်တော့ဘူး” ဟု ရမ်းဗြဲဒေသခံ ကုန်သည်တစ်ဦးက ဆိုသည်။

ကုန်သွယ်ရေးပြတ်တောက်နေမှုကြောင့် ငရုတ်သီးခြောက်၊ ဟင်းချိုမှုန့်၊ စားသုံးဆီ၊ ဆပ်ပြာ၊ ဆေး၀ါး စသည့် လူသုံးကုန်ပစ္စည်းများမှာ ပြတ်လပ်နေပြီး လက်ကျန်ပစ္စည်းအချို့မှာလည်း စျေးနှုန်း အဆမတန် မြင့်တက်နေသည်။

လက်ရှိတွင် ငရုတ်သီးခြောက် တစ်ပိဿာကို ငွေကျပ် ၃၅,၀၀၀၊ ဟင်းချိုမှုန့်တစ်ပိဿာကို ငွေကျပ် ၂၅,၀၀၀၊ စားသုံးဆီ(ပဲဆီ) တစ်ပိဿာကို ငွေကျပ် ၃၅,၀၀၀ အထိရှိနေသည်။

ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက “ကုန်စျေးနှုန်းက အရမ်းတက်နေတယ်။ ဒီနေ့ နှစ်သောင်းကျပ်နဲ့ရတဲ့ပစ္စည်း နောက်နေ့မနက်သွားဝယ်ရင် သုံးသောင်းနီးပါးထိ ဖြစ်သွားတာတွေ မကြာမကြာကြုံရတယ်။ ကုန်စုံဆိုင်ရောင်းတဲ့ လူတွေဆိုလည်း အရင်လက်ကျန်တွေပဲ ရောင်းနေကြရတယ်။ တချို့ပစ္စည်းတွေဆို လုံးဝရှာလို့ မရတော့ဘူး” ဟု ပြောသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၁၈-၁၉ ခုနှစ်စာရင်းအရ ရမ်းဗြဲမြို့နယ်တွင် လူဦးရေတစ်သိန်းခန့်ရှိသည်။ 

ရမ်းဗြဲမြို့နယ်ကို အာရက္ခတပ်တော်က ယခုနှစ်၊ မတ် ၁၁ ရက်တွင် သိမ်းပိုက်ထားပြီး တိုက်ပွဲကြားတွင် နေအိမ်အဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးသွား၍ ပြန်လည်ထူထောင်ရေး ကြိုးပမ်းနေကြချိန် ဒေသတွင်း ကုန်စည်ပြတ်လပ်မှု ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ 

ဗီဒီယိုများ