စစ်တွေ - ပုဏ္ဏားကျွန်းနယ်စပ် ကျေးရွာအချို့ကို စစ်ကောင်စီ ဗုံးကြဲ

စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် နယ်စပ်တကြောရှိ ကျေးရွာအချို့ကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

By Admin 27 Oct 2024

စစ်ကောင်စီ၏ ပူးပေါင်းလေ့ကျင့်ရေးတစ်ခု။ ဓာတ်ပုံ - CINCDS
စစ်ကောင်စီ၏ ပူးပေါင်းလေ့ကျင့်ရေးတစ်ခု။ ဓာတ်ပုံ - CINCDS

DMG ၊ အောက်တိုဘာ ၂၇

ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် နယ်စပ်တကြောရှိ ကျေးရွာအချို့ကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ (အောက်တိုဘာ ၂၆ ရက်)၊ ညနေ ၉ နာရီခန့်တွင် စစ်တွေ-ပုဏ္ဏားကျွန်းကြားရှိ ဝါဘို၊ စပါးထား၊ ခမောင်းတောစသည့်ကျေးရွာအချို့ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

" မနေ့က ညအချိန်လောက်မှာ စစ်တွေမြို့ပြင် ကျားမသောက်ရွာဖက်ကနေ လေယာဉ်နဲ့ ဗုံး ၂ ကြိမ် ချသံကြားလိုက်တယ်။ မြို့ထဲက အိမ်တွေတောင် လှုပ်ခတ်သွားတယ်" ဟု စစ်တွေဒေသခံတစ်ဦးက ပြောသည်။

ယင်းအပြင် စစ်ကောင်စီအထိုင် စခန်းချထားသည့် ရွှေမင်းဂံဆိပ်ကမ်းနှင့် ပါဒလိပ် တပ်ရင်းဖက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်သံများကြားရကြောင်း မြို့ခံများက ပြောဆိုကြသည်။

" လေယာဉ်နဲ့ ပစ်ပြီးတော့ သိပ်မကြာဘူး။ အဲဒီတပ်ရင်းတွေကနေ လက်နက်ကြီး ပစ်သံတွေကြားရတယ်။ လက်နက်ငယ်အပြန်အလှန်ပစ်ခတ်သံတွေလည်း ကြားရတော့ တိုက်ပွဲဖြစ်တာလည်း ဖြစ်နိုင်တယ်" ဟု စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၉ ရက်ကလည်း စစ်တွေမြို့နယ်ရှိ တောကန်၊ ဝါဘို၊ မင်းလှ၊ ညောင်ရေချောင်းနှင့် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကွမ်းတောင်၊ အောင်မြေကုန်း၊ စပါးထား၊ ခမောင်းတော စသည့်ကျေးရွာများကို စစ်ကောင်စီသည် Y - 12 ဖြင့် လှည့်ပတ်ဗုံးကြဲခဲ့သည်။

လက်ရှိ စစ်ကောင်စီက ဗုံးကြဲသွားသည့် ကျေးရွာများမှ ဒေသခံများမှာ ပုဏ္ဏားကျွန်းတိုက်ပွဲ စတင်ချိန်မှစ၍ ထွက်ပြေး တိမ်းရှောင်နေကြပြီး ဒေသခံအချို့မှာ နေအိမ်၊ ပိုင်ဆိုင်မှုများကို စောင့်ကာ နေထိုင်လျက်ရှိသည်။

စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် AA တို့ကြား တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ စစ်ရေး တင်းမာနေပြီး စစ်ကောင်စီသည် စစ်တွေ - ပုဏ္ဏားကျွန်းနယ်စပ်တကြောကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်နေသည်။