တောဖျားချောင်းဒေသမှ မုန်တိုင်းသင့်ကျေးရွာများသို့ အကူအညီရောက်ရှိမှု နည်းပါးနေ

“တစ်ရွာလုံးအတွက် တာပေါ်လိပ်စ ၁၀၀ ပေးဖို့ အဖွဲ့တစ်ခုရောက်ခဲ့တယ်။ ထပ်ပြီး လုံးဝမရောက်တော့ဘူး။ လမ်းပန်းဆက်သွယ်ရေးလည်း နည်းနည်းအခက်အခဲရှိတော့ မလာကြတာထင်ပါတယ်။

By Admin 30 Jun 2023

မုန်တိုင်းကြောင့်ပျက်စီးသွားသော ဆင်သည်ကျေးရွာမှ နေအိမ်များကို ဇွန်လ ၂၀ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ပေးပို့)
မုန်တိုင်းကြောင့်ပျက်စီးသွားသော ဆင်သည်ကျေးရွာမှ နေအိမ်များကို ဇွန်လ ၂၀ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ပေးပို့)

DMG ၊ ဇွန် ၃၀

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်က လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် တောဖျားချောင်းဒေသရှိ ကျေးရွာ ၅၀ ခန့်မှာ မုန်တိုင်းလွန်ပြီး ၁ လကျော်ကြာသည့်တိုင် ကူညီကယ်ဆယ်ရေး ရောက်ရှိမှုနည်းပါးသဖြင့် ပြန်လည်ထူထောင်ရေးတွင် အခက်အခဲဖြစ်နေကြောင်း ဒေသခံများက ပြောကြသည်။

မုန်တိုင်းသင့် ကျေးရွာများဖြစ်ကြသည့် ဆင်သည်၊ သြရမ၊ သက်ကျိုင်းတောင်၊ ပိုးရွီပြင်၊ အထက်သင်းပုန်းတန်း၊ ပါပွေနှင့် မဲဒါးမ၊ ဩရမ စသည့် ကျေးရွာများကို စစ်ကောင်စီနှင့် အခြားလူမှုအဖွဲ့များ ကူညီကယ်ဆယ်ရေးရောက်ရှိမှု နည်းပါးနေသည်။

အိမ်ခြေ ၅၂၀ ရှိသည့် ဆင်သည်ကျေးရွာတွင် မုန်တိုင်းကြောင့် နေအိမ်အားလုံးပျက်စီးခဲ့ရပြီး ငွေကြေးဆင်းရဲသူများမှာ စားဝတ်နေရေး ခက်ခဲနေကြသည်ဟု ဆင်သည်ဒေသခံ ကိုကျော်ကျော်က ပြောသည်။

“တစ်ရွာလုံးအတွက် တာပေါ်လိပ်စ ၁၀၀ ပေးဖို့ အဖွဲ့တစ်ခုရောက်ခဲ့တယ်။ ထပ်ပြီး လုံးဝမရောက်တော့ဘူး။ လမ်းပန်းဆက်သွယ်ရေးလည်း နည်းနည်းအခက်အခဲရှိတော့ မလာကြတာထင်ပါတယ်။ မရှိဆင်းရဲသားတွေမှာ အကူအညီမရှိတော့ စားသောက်ရေး လုံးဝအဆင်မပြေကြဘူး” ဟု သူက ပြောသည်။

တောဖျားချောင်းဒေသတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်း၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများရှိနေပြီး ကူညီကယ်ဆယ်ရေး မရရှိသေးသည့် ကျေးရွာအများစု ရှိနေသေးကြောင်း ဒေသခံများက ဆိုသည်။

မဲဒါးမကျေးရွာမှ ဦးဇော်လင်းဦးက “ကျနော်တို့ ရွာအပါအဝင် သက်ကျိုင်းတောင် အုပ်စုမှာက လူမှုကူညီရေးအဖွဲ့ ၂ ခုလောက် ရောက်တယ်။ ဆန်အနည်းငယ် ရကြတယ်။ တခြားမရောက်သေးတဲ့ ကျေးရွာတွေ အများကြီး ရှိတယ်။ ကူညီပေးတဲ့အခါမှာလည်း နေအိမ်ပျက်စီးသွားသူတွေ အားလုံးရကြတာ မဟုတ်ဘူး။ မဲစနစ်နဲ့ ရတဲ့သူရ၊ မရတဲ့သူ မရကြဘူး” ဟု ဆိုသည်။

နေအိမ်များကို ပြန်တည်ဆောက်ရန် ပုဏ္ဏားကျွန်းသို့ သွားရောက်ပြီး အိမ်ဆောက်ပစ္စည်း ဝယ်ယူရာတွင်လည်း ပုဏ္ဏားကျွန်း-ရသေ့တောင်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးမှုများ ရှိနေသဖြင့် အဆင်မပြေ ဖြစ်ရကြောင်း ပြောဆိုကြသည်။

“အဓိကတော့ လွတ်လပ်လွတ်လပ် သယ်ယူလို့မရဘူး။ အုပ်ချုပ်ရေးမှူးလက်မှတ်ယူပြီးတော့ သယ်ယူရတယ်။ တခါတလေ အုပ်ချုပ်ရေးမှူးလက်မှတ်ပါရင်လည်း သူတို့စစ်ချင်တဲ့ နေ့တွေဆိုရင် စစ်ဆေးတယ်။ ဘာအတွက်လဲ မေးမြန်းတာတွေ ရှိတော့ အဆင်မပြေ ဖြစ်ရတယ်။ အဲဒါကြောင့် ရွာသားတွေမှာ ပစ္စည်းတွေကို လိုသလောက် မဝယ်ရဲကြဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းဒေသမှ ဒေသခံများမှာ ကွမ်းစိုက်ခင်း၊ ငရုတ်ကောင်းနှင့် ဒညှင်းသီး စသည့် တောင်းယာလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြပြီး မုန်တိုင်းကြောင့် စိုက်ခင်း ၉၀ ရာခိုင်နှုန်းအထိ ပျက်စီးသွားခဲ့ရသဖြင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်လည်လုပ်ကိုင်ရန် အခက်အခဲရှိနေသည်။

“ကွမ်းခင်းတွေ၊ ငရုတ်ကောင်း အပင်တွေ အကုန်လုံး ပျက်စီးသွားခဲ့တယ်။ လုပ်ငန်းတွေ ပျက်စီးသွားတော့ ဆက်လုပ်ဖို့အတွက် အခက်အခဲဖြစ်သွားတယ်။ ပိုက်ဆံချေးငှားပြီး လုပ်မယ်ဆိုရင်လည်း အကုန်လုံးက အဆင်မပြ ဖြစ်နေကြတော့ အဆင်မပြေပြန်ဘူး။ လုပ်ငန်းကို ဆက်မလုပ်နိုင်ရင် စားဝတ်နေရေး၊ သားသမီးပညာရေး အစစအရာရာ အဆင်မပြေပါဘူး” ဟု ပါပွေကျေးရွာမှ ဦးသောင်းစိန်ထွန်းက ပြောသည်။

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်တွင် လူဦးရေ ၁၅ သိန်းကျော် နစ်နာထိခိုက်ခဲ့ရပြီး လတ်တလောတွင် ၇၀ ရာခိုင်နှုန်းမှာ နိုင်ငံတကာ၊ အရပ်ဖက်အဖွဲ့နှင့် ပုဂ္ဂလိကအလှူရှင်များထံမှ ကူညီထောက်ပံ့မှုများ အရေးပေါ် လိုအပ်နေသေးကြောင်း ရက္ခိုင့်တပ်တော်(AA) က ပြောဆိုထားသည်။

လက်ရှိတွင် စစ်ကောင်စီက NGO/INGO များ၏ ကူညီထောက်ပံ့ခြင်း ခရီးသွားလာမှုကို ယခင် ခွင့်ပြုချက်ရထားပြီးဖြစ်သည့် လုပ်ငန်းစဉ်များကိုသာ ခွင့်ပြုထားပြီး အသစ်ပြုလုပ်မည့် အစီအစဉ်များကို ခွင့်ပြုချက်အသစ် တင်ရမည်ဟု ကြေငြာထားသည်။

#R010