ရခိုင်တွင် စစ်ရေးပဋိပက္ခကြား ကလေးငယ်များ လုံခြုံမှုကင်းမဲ့နေ 

တိုက်ပွဲပြင်းထန်မှုနှင့်အတူ အရပ်သားများနေထိုင်ရာကို စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းများဖြင့် ပစ်ခတ်နေမှုကြောင့် ကလေးငယ်များမှာ စိတ်ဒဏ်ရာများဖြင့် ရှင်သန်နေရကြောင်း အုပ်ထိန်းသူများက ပြောသည်။ 

By Admin 13 Jul 2024

ရခိုင်တွင် စစ်ရေးပဋိပက္ခကြား ကလေးငယ်များ လုံခြုံမှုကင်းမဲ့နေ 

DMG ၊ ဇူလိုင် ၁၃

ရခိုင်ဒေသအတွင်း ပြင်းထန်စွာဖြစ်ပွားနေသော စစ်ရေးပဋိပက္ခကြားတွင် ကလေးသူငယ်များမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကင်းမဲ့ကာ အသက်အန္တရာယ် ခြိမ်းခြောက်မှုများကို ကြုံတွေ့နေကြရသည်။ 

တိုက်ပွဲပြင်းထန်မှုနှင့်အတူ အရပ်သားများနေထိုင်ရာကို စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းများဖြင့် ပစ်ခတ်နေမှုကြောင့် ကလေးငယ်များမှာ စိတ်ဒဏ်ရာများဖြင့် ရှင်သန်နေရကြောင်း အုပ်ထိန်းသူများက ပြောသည်။ 

ရခိုင်တွင် ပြီးခဲ့သည့် ဇွန်နဝါရီလ ၁ ရက်မှ ဇွန်လ ၃၀ ရက်ထိ ခြောက်လတာအတွင်း စစ်ကောင်စီလက်ချက်ကြောင့် ၁၈ နှစ်အောက် ကလေးငယ် ၃၇ ဦးသေဆုံးခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - AAPP ၏ ဇူလိုင်လ ၁၁ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

သံတွဲမြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက  “ကျမတို့မှာ အသက်လုံခြုံမှုဆိုတာ မရှိပါဘူး။ ဒီဖက်မှာက တိုက်ပွဲတွေပြင်းထန်နေတော့ လက်နက်ကြီးပစ်တာ၊ လေယာဉ်ပစ်တာတွေကို ကြောက်နေရတယ်။ အထူးသဖြင့် ကလေးတွေက ပိုပြီးကြောက်စိတ်ဝင်နေကြတယ်” ဟု ပြောသည်။

စစ်ရေးအရှိန်မြင့်နေသည့် ရခိုင်ဒေသအတွင်း စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့  ဇွန်လ ၁၉ ရက်မှ ဇူလိုင်လ ၂ ရက်နေ့ထိ နှစ်ပတ်အတွင်း တိုက်ပွဲပေါင်း ၂၃ ကြိမ်ဖြစ်ခဲ့ကြသည်။ တိုက်ပွဲများအတွင်း အရှုံးနှင့်ရင်ဆိုင်နေရသော စစ်ကောင်စီသည် လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးများဖြင့် အရပ်သားများကို ဦးတည်တိုက်ခိုက်နေသည်။ 

ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာမှ အမျိုးသားတစ်ဦးက “စစ်ကောင်စီတပ်ဖွဲ့တွေ မရှိတော့ဘူးဆိုပေမဲ့ လေကြောင်းရန်ကိုတော့ ကြောက်နေရဆဲပါ” ဟု ပြောသည်။

ရခိုင်ဒေသတွင် ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ မြေပုံ မြို့နယ်များကို AA က သိမ်းပိုက်ထားသော်လည်း စစ်ကောင်စီက လေကြောင်းဖြင့် လာရောက်ပစ်ခတ်မှုများ မကြာခဏ ရှိနေသည်။ 

“ကျနော့်သားက အသက် ၅ နှစ်ဆိုတော့ ညဘက်အိပ်တဲ့အခါ အသံတစ်ခု အကျယ်ကြီးကြားရင် မျက်လုံးတွေပြူးပြီး ကြောက်ကြောက်လန့်လန့်နဲ့ ပြေးဖို့လုပ်တယ်။ ကားသံ၊ ဆိုင်ကယ်သံ ကြားရင်တောင် လေယာဉ်လာတယ်ထင်ပြီး ကြောက်လန့်နေတယ်” ဟု ကျောက်တော်မြို့မှ ကလေးဖခင်တစ်ဦးက ပြောသည်။

ကုလသမဂ္ဂကွန်ဗင်းရှင်းပါ ကလေးသူငယ်အခွင့်အရေးများကို အကောင်အထည်ဖော်ဆောင်ရန် မြန်မာနိုင်ငံတွင် “ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ”ကို ၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်က ပြဌာန်းခဲ့သော်လည်း အာဏာသိမ်းစစ်ကောင်စီသည် ကလေး၊ လူကြီး၊ ရန်သူမရွေးဘဲ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေသည်။ 

ရခိုင်ပြည်အတွင်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှစ၍ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၈ လပြည့်ခဲ့ပြီဖြစ်သည်။ ရခိုင်ပြည်ကို အလုံးစုံသိမ်းပိုက်ရရှိနိုင်ရေး AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လက်ရှိတွင် သံတွဲ၊ အမ်းနှင့် မောင်တောမြို့နယ်တို့၌ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်။