စစ်တွေတွင် စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှု ခပ်စိပ်စိပ်လုပ်လာ

စစ်တွေ ရွှေမင်းဂံရေတပ်မှ ‌ပေါက်တောနှင့် ပုဏ္ဏားကျွန်းမြို့နယ်သို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု မကြာခဏ ပြုလုပ်နေသောကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ ရှိနေသည်။ 

By Admin 02 Aug 2024

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်တွင် စစ်တွေမြို့အတွင်း၌ စစ်ကောင်စီက သံချပ်ကာကားများဖြင့် လှည့်လည်သွားလာနေစဉ်။ (ဓာတ်ပုံ - CJ)
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်တွင် စစ်တွေမြို့အတွင်း၌ စစ်ကောင်စီက သံချပ်ကာကားများဖြင့် လှည့်လည်သွားလာနေစဉ်။ (ဓာတ်ပုံ - CJ)

DMG ၊ ဩဂုတ် ၂ 

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ) တည်ရှိရာ ရခိုင်ပြည်၊ စစ်တွေမြို့တွင် စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုများ ခပ်စိပ်စိပ်လုပ်လာနေ၍ ဒေသခံများမှာ စိုးရိမ်ထိတ်လန့်နေကြရသည်။ 

ယနေ့ (ဩဂုတ် ၂) နံနက်ပိုင်းအချိန် ရွှေမင်းဂံရေတပ်မှ လက်နက်ကြီး ၇ ကြိမ်ခန့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

“အတွဲလိုက်ဒုံးတွေပစ်တာ။ ပုဏ္ဏားကျွန်း၊ ပေါက်တောဘက်ကို ပစ်တာလို့ သိရတယ်” ဟု စစ်တွေမြို့ခံတစ်ဦးက ပြောသည်။ 

စစ်တွေ ရွှေမင်းဂံရေတပ်မှ ‌ပေါက်တောနှင့် ပုဏ္ဏားကျွန်းမြို့နယ်သို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု မကြာခဏ ပြုလုပ်နေသောကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ ရှိနေသည်။ 

ပြီးခဲ့သည့် ဇူလိုင် ၂၇ ရက်ကလည်း စစ်တွေတပ်ရင်းများမှ လက်နက်ကြီး ၅ ကြိမ်ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့ပြီး၊ ဇူလိုင် ၂၃ ရက်တွင် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျရောက်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျွဲထိုးကျေးရွာမှ ဒေသခံတစ်ဦး သေဆုံးပြီး၊ လေးဦးဒဏ်ရာရရှိခဲ့သည်။  

“စစ်တွေမြို့ဟာဆိုရင် အေအေရဲ့ ဝိုင်းရံပိတ်ဆို့ဖြတ်တောက်မှုကို ခံနေရတယ်။ ဒီအခြေအနေမှာ စစ်ကောင်စီက သူတို့လည်း အသင့်အနေထားရှိတယ်ဆိုတဲ့သဘောနဲ့ စစ်တွေသို့ ဝင်ရောက်လာနိုင်တဲ့ လမ်းကြောင်းတွေကို ခြိမ်းခြောက်ပစ်ခတ်မှုတွေ လုပ်လာတာလို့မြင်တယ်” ဟု ရခိုင်က စစ်ရေးလေ့လာသူတစ်ဦးက ပြောသည်။ 

စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ ထိတွေ့တိုက်ပွဲ (မပြင်းထန်) ဖြစ်ပွားခဲ့မှုနှင့်အတူ နှစ်ဖက်စစ်ရေးတင်းမာနေသည်။ စစ်ကောင်စီဌာနချုပ်များကို ဝိုင်းရံပိတ်ဆို့ထားကြောင်း AA က ဇူလိုင်လအတွင်း ထုတ်ပြန်ခဲ့သည်။ 

AA ၏ ဖြတ်တောက်ပိတ်ဆို့မှုဒဏ်ကို ရင်ဆိုင်နေရသော စစ်ကောင်စီသည် မြို့တွင်းဒေသခံများကို သံသယဖြင့် ဖမ်းဆီးခြင်း၊ မြို့အနီးကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များကို ဝင်ရောက်ကာ လုံခြုံရေးတင်းကြပ်ထားသည်။ 

“တိုက်ပွဲဖြစ်တော့မလားဆိုပြီး အရမ်းစိုးရိမ်နေရတယ်။ စစ်ကောင်စီက ထွက်ပေါက်အားလုံးကို ပိတ်ဆို့ထားတော့ တိုက်ပွဲဖြစ်လာရင် ပြေးပေါက်မှားမယ့်အခြေအနေရှိနေတယ်။ လက်နက်ကြီးပစ်သံတွေလည်း ကြားလာရတော့ အရင်ထက်ပိုပြီး စိုးရိမ်လာတယ်” ဟု စစ်တွေဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ 

စစ်တွေမြို့နေလူထုအများအပြားမှာ မြို့တွင်းတိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ကြောက်လန့်၍ ပြီးခဲ့သည့် မတ်လနှင့် ဧပြီလမှစ၍ ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ကြသော်လည်း ကျန်မြို့ခံများမှာ စစ်ကောင်စီ၏ လမ်းခရီးပိတ်ဆို့မှု၊ ငွေကြေးအခက်အခဲ စသည့် အကြောင်းအမျိုးမျိုးကြောင့် ပိတ်မိနေကြသည်။ 

ယင်းအပြင် စစ်ကောင်စီသည် စစ်တွေမြို့အနီးရှိ ကျေးရွာများမှ ဒေသခံများကို စစ်တွေမြို့ထဲသို့ အတင်းအဓမ္မ ပြောင်းရွှေ့ကာ အဆိုပါ‌ကျေးရွာများအတွင်း တပ်စွဲနေထိုင်လျက်ရှိသည်။  

အာရက္ခတပ်တော်၏ ထိုးစစ်များသည် စစ်တွေမြို့ပေါ်သို့ ထိုးဖောက်ဝင်ရောက်လာပါက ပိတ်ဆို့ခံထားရသည့် ဒေသခံများ၏ ဘေးကင်းလုံခြုံရေးမှာ စိုးရိမ်စရာအခြေအနေဖြစ်သည်။