- မူဆယ်တွင် သောင်တင်နေသည့် ရွှေ့ပြောင်းလုပ်သား ထောင်နှင့်ချီ အခက်အခဲဖြစ်နေ
- အဇာဘိုင်ဂျန် လေယာဉ် ကာဇက်စတန်တွင် ပျက်ကျပြီး ၃၈ ဦး သေဆုံး
- စစ်ကောင်စီဖိအားကြောင့် ဧရာတီရောက် ရခိုင်စစ်ရှောင် ၃၀၀ ခန့် စတင်ရွှေ့ပြောင်း
- လေကြောင်းအန္တရာယ်ကြောင့် သံတွဲစစ်ဘေးရှောင်များ နေရာပြောင်းရွှေ့ နေထိုင်နေရ
- စစ်တွေမြို့တွင် ခရစ္စမတ်ပွဲကျင်းပခွင့် စစ်ကောင်စီ တားမြစ်
NGO ၊ INGO များကို စနစ်တကျကြပ်မတ်ရန် စစ်ခေါင်းဆောင်ညွှန်ကြား
“အချို့သော ပြည်ပအကူအညီများသည် INGO ၊ NGO များမှတစ်ဆင့် မျှဝေဆောင်ရွက်ခြင်းဖြစ်ပြီး ၎င်းတို့ကို အကူအညီပေးနေသည့် အဖွဲ့အစည်း၊ နိုင်ငံများက အသုံးချနေမှုများရှိကြောင်း” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
31 Aug 2023
DMG ၊ ဩဂုတ် ၃၁
မြန်မာနိုင်ငံအတွင်းရှိ NGO ၊ INGO အဖွဲ့အစည်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် စနစ်တကျ ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်ကြရန် စစ်ကောင်စီဥက္က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ညွှန်ကြားလိုက်သည်။
ဩဂုတ်လ ၃၀ ရက်နေ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို စစ်ခေါင်းဆောင်က မှာကြားခဲ့ခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
“အချို့သော ပြည်ပအကူအညီများသည် INGO ၊ NGO များမှတစ်ဆင့် မျှဝေဆောင်ရွက်ခြင်းဖြစ်ပြီး ၎င်းတို့ကို အကူအညီပေးနေသည့် အဖွဲ့အစည်း၊ နိုင်ငံများက အသုံးချနေမှုများရှိကြောင်း” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။
စစ်ခေါင်းဆောင်က ထိုသို့ညွှန်ကြားလိုက်သဖြင့် စစ်ရေးပဋိပက္ခနှင့် သဘာဝဘေးဒဏ်ကြောင့် နာလန်မထူနိုင် ဖြစ်နေသော ပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများရရှိရေးတွင် ပို၍ ထိခိုက်လာမည်ကို စိုးရိမ်မှုများရှိနေကြသည်။
“စစ်ကောင်စီက အခုလိုပြောဆိုချက်ဟာ အကူအညီလိုအပ်နေသူတွေအပေါ် ထိခိုက်မှုရှိနိုင်တယ်” ဟု ရခိုင်အခြေစိုက် NGO အဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မုန်တိုင်းဒဏ်သင့်ရခိုင်ပြည်သူများမှာ အမိုးအကာအောက်သို့ ရောက်ရှိရန် လက်ရှိအချိန်ထိ အခက်ကြုံနေရချိန်တွင် NGO၊ INGO အဖွဲ့များ၏ လုပ်ဆောင်ချက်များကို စစ်ကောင်စီက တင်းကျပ်လာပါက ပို၍ဒုက္ခရောက်နိုင်ကြောင်း ပြောဆိုနေကြသည်။
မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးနေသော အဖွဲ့အစည်းများမှာ စစ်ကောင်စီထံမှ ယခင်ခွင့်ပြုချက်ရပြီး လုပ်ငန်းစဉ်များအတွက်သာ ခရီးသွားလာခွင့်ရှိပြီး ကန့်သတ်နေရာများသို့ ခရီးသွားလာခွင့် မရှိပေ။ အသစ်တင်ထားသော လုပ်ငန်းစဉ်များကိုလည်း စစ်ကောင်စီက ခွင့်ပြုချက်မပေးဘဲ ဆိုင်းငံ့ထားသည်။
“အရင်တစ်ခေါက်တော့ စေတီပြင်ဘက်ကို သွားခွင့်ရတာရှိပါတယ်။ အခုက မိုခါနဲ့ဆိုင်လား၊ မဆိုင်ဘူးလား ဆိုတာ မပြောတတ်ဘူး။ အခုနောက်ပိုင်း စေတီပြင်ကိုသွားခွင့်မရတော့ဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူးကနေတစ်ဆင့် အကူအညီပေးရမယ်၊ အဲဒီလိုတော့ရှိတယ်” ဟု အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ICRC သည် ယခင်က ရသေ့တောင်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် လူသားချင်းစာနာမှုအကူအညီများ ပေးခွင့်ရရှိခဲ့သော်လည်း ပြီးခဲ့သည့် ဇွန်လမှစပြီး အကူအညီပေးခွင့်များ ရပ်ဆိုင်းခံထားရခြင်း ဖြစ်သည်။
စစ်ကောင်စီအနေဖြင့် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ လိုအပ်နေသော စစ်ဘေးရှောင်များနှင့် သဘာဝဘေးဒဏ်သင့် ပြည်သူများအတွက် ကူညီထောက်ပံ့မှုများ ထိရောက်စွာလုပ်ဆောင်ရန် လိုအပ်နေသေးပြီး INGO/ NGO/ CSO နှင့် တခြားလူမှုကူညီရေးအဖွဲ့များကိုလည်း လွတ်လပ်စွာ ကူညီထောက်ပံ့ခွင့်ပေးသင့်ကြောင်း ထောက်ပြဝေဖန်မှုများ ရှိနေသည်။
မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများပြားခဲ့သည့် ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာ (ရွာဟောင်း) အုပ်ချုပ်ရေးမှူး ဦးဝေထွန်းသိန်းက “အကူအညီကတော့ တခြားအဖွဲ့အစည်းတွေက ပေးတာမရှိဘူး။ နစက ကောင်စီဆီကတော့ ဆန် ၂ သိုက်(၁ ပြည်) လောက်ပေးတာရှိတယ်။ နိုင်ငံတကာအကူအညီတွေတော့ အခုထိ ဘယ်အဖွဲ့ကမှ ရောက်လာတာ မရှိသေးဘူး” ဟု ပြောသည်။
ရခိုင်က စစ်ဘေး၊ လေဘေးနှင့် ရေဘေးသင့်ပြည်သူများမှာ စစ်ကောင်စီအပါအဝင် နိုင်ငံတကာနှင့် အခြားအဖွဲ့များထံမှ ထိရောက်သည့်အကူအညီများကို မျှော်လင့်နေကြပြီး လတ်တလောတွင် စိန်ခေါ်များစွာနှင့် ဖြတ်သန်းနေကြရသည်။
#I003