တောဖျားချောင်းဒေသက ကျေးရွာတချို့တွင် ကျောင်းသားများ ပညာရေးထိခိုက်နေရ

ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသတွင် တာဝန်ကျ ဆရာ၊ ဆရာမများမှာ ပုံမှန်လာရောက်နိုင်ခြင်း မရှိကြသဖြင့် ကျောင်းသူ၊ ကျောင်းသားများမှာ ပညာသင်ကြားခွင့် အပြည့်အဝမရရှိကြကြောင်း ကျောင်းသားမိဘများက ပြောသည်။

By Admin 29 Sep 2023

တောဖျားချောင်းဒေသ၊ သင်းပုန်းတန်းကျေးရွာ စာသင်ကျောင်းကို စက်တင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်။
တောဖျားချောင်းဒေသ၊ သင်းပုန်းတန်းကျေးရွာ စာသင်ကျောင်းကို စက်တင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်။

DMG ၊ စက်တင်ဘာ ၂၉

ရခိုင်ပြည်အတွင်းက ဝေးလံခေါင်ဖျား ဒေသတစ်ခုဖြစ်သည့် ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသတွင် တာဝန်ကျ ဆရာ၊ ဆရာမများမှာ ပုံမှန်လာရောက်နိုင်ခြင်း မရှိကြသဖြင့် ကျောင်းသူ၊ ကျောင်းသားများမှာ ပညာသင်ကြားခွင့် အပြည့်အဝမရရှိကြကြောင်း ကျောင်းသားမိဘများက ပြောသည်။

တောဖျားချောင်းအထက်ပိုင်း ခွေးသီကျေးရွာတွင် KG တန်းမှ ၅ တန်းအထိ ကျောင်းသား/သူ စုစုပေါင်း ၁၄၃ ဦးရှိပြီး တာဝန်ကျ ဆရာ၊ ဆရာမ (၅)ဦးရှိကြောင်း သိရသည်။ ဆရာ၊ ဆရာများမှာ ပုံမှန်စာသင်ကြားခြင်း မရှိသဖြင့် ကျောင်းသူ၊ ကျောင်းသားများမှာ ပညာသင်ကြားခွင့် အပြည့်အဝ မရရှိကြဟု ခွေးသီကျေးရွာမှ ကျောင်းသားမိဘများက ပြောသည်။

“တစ်လမှ တစ်ပတ်လောက်နေပြီး စာပြတယ်။ စစ်မေးပွဲစစ်တယ် ပြီးရင်ပြန်သွားကြတယ်။ ဒီလိုက ကျောင်းသားတွေအတွက် အဆင်မပြေဘူး။ ဖြစ်နိုင်ရင် ဆရာ၊ဆရာမတွေ အပြည့်အစုံလာပြီး စေတနာနဲ့ ပြပေးစေချင်တယ်” ဟု ခွေးသီကျေးရွာမှ ကျောင်းသားမိဘ ဦးမောင်ပိုင်စိုးက ပြောသည်။

ခွေးသီကျေးရွာတွင် အိမ်ခြေ ၈၀ ကျော်၊ လူဦးရေ ၄၀၀ ခန့်ရှိသည့် ခမီလူမျိုးတို့နေထိုင်ရာ ကျေးရွာတစ်ရွာ ဖြစ်ပြီး ယင်းကျေးရွာ စာသင်ကျောင်းတွင် အနီးဝန်းကျင်ရှိ ဆင်ဖြူတောင်၊ ပါးပွေကျေးရွာမှ ကျောင်းသူ၊ ကျောင်းသားများလည်း လာရောက်ပညာသင်ကြားလျက်ရှိသည်။

တောဖျားချောင်းအထက်ပိုင်းရှိ သင်းပုန်းတန်းကျေးရွာတွင်လည်း ဆရာ/ဆရာ လုံလောက်မှုမရှိသဖြင့် ကျေးရွာမှ အထက်တန်းအောင်မြင်ထားသည့် လူငယ်များကို စာပြရန် ငှားရမ်းထားရကြောင်း ဒေသခံများထံမှ သိရသည်။

သင်းပုန်းတန်းကျေးရွာတွင် KG တန်းမှ အလယ်တန်းအဆင့်အထိ ကျောင်းသူ/ကျောင်းသား စုစုပေါင်း ၁၆၂ ဦးရှိပြီး ဆရာ၊ ဆရာမ ၅ ဦးနှင့် ပညာသင်ကြားနေရသဖြင့် ဆရာ၊ ဆရာမများ ထပ်မံလိုအပ်နေသည်ဟု သင်းပုန်းတန်းကျောင်းအုပ်ဆရာကြီး ဦးဘမောင်က ပြောသည်။

“ဒီက ကျောင်းသားမိဘတွေမှာ သားသမီးပညာရေး မထိခိုက်စေချင်လို့ ဆရာတွေ ငှားသင်နေကြတယ်။ မိဘတွေမှာလည်း တစ်နေ့ရှာမှ တစ်နေ့စားနေကြရသူတွေ။ ပညာရေးဌာနက ဆရာ၊ ဆရာမတွေကို အပြည့်အစုံ ချပေးစေချင်တယ်” ဟု ဦးဘမောင်က ပြောသည်။

သင်းပုန်းတန်းကျေးရွာတွင် အိမ်ခြေ ၁၀၀ ကျော်နှင့် လူဦးရေ ၅၀၀ ကျော်ရှိပြီး ခမီကျေးရွာတစ်ရွာ ဖြစ်သည်။ တောဖျားချောင်းဒေသတွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသဖြင့် ပညာရေးဝန်ထမ်းများ အနေဖြင့် တာဝန်ထမ်းဆောင်လိုမှု နည်းပါးကြောင်းလည်း ဒေသခံများကပြောသည်။

“ကျောင်းဆရာ/မတွေကလည်း မလုံလောက်တော့ ကလေးတွေရဲ့ပညာရေးမှာ နစ်နာမှုတွေဖြစ်ရတယ်။ ကျနော်တို့ကတော့ ဆရာ၊ ဆရာမလုံလုံလောက်လောက်နဲ့ ကလေးတွေကို ပညာအပြည့်အဝ သင်ကြား ခွင့်ရစေချင်တယ်” ဟု သင်းပုန်းတန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက ပြောသည်။

တောဖျားချောင်းဒေသသည် ဝေလံခေါင်ဖျားသော ဒေသတစ်ခုဖြစ်သည့်အလျှောက် ဖုန်းလိုင်း၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်အခက်အခဲများကြောင့် ဒေသခံများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုမှာလည်း နှောက်နှေးနေကြရသည်။

“ကျမ သားသမီးတွေကို ပညာရေးမှာ ထူးချွန်စေချင်တယ်။ ဒီမှာက ဆရာ/မတွေ မလုံလောက်တဲ့အခါ စာတွေလိုက်မမီတာတွေ၊ အရေးအသားတွေကအစ ကလေးတွေက ညံ့ကြတာကို တွေ့ရတယ်။ ကျမတို့ အနေနဲ့လည်း ဓိတ်ဓာတ်တွေကျတယ်။ ဆရာ/မအစုံနဲ့ ကိုယ့်ရွာ ကိုယ့်ဒေသမှာ ပညာသင်ခွင့် အပြည့်အဝရစေချင်တယ်” ဟု သင်းပုန်းတန်းကျေးရွာမှ ကျောင်းသားမိဘ ဒေါ်စံအေးလှက ပြောသည်။

ဝေးလံခေါင်ဖျားဒေသများတွင် တာဝန်ထမ်းဆောင်မည့် ဆရာ၊ ဆရာမများအတွက် လစာ တိုးမြှင့်ပေးရေးအပြင် လုံခြုံရေးနှင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုပေးရန် လိုအပ်ကြောင်း ဘူးသီးတောင်မြို့နယ်မှ ပညာရေးဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောသည်။

“လစာကို မြို့နဲ့ ဘယ်နှစ်မိုင်လောက်ဝေးရင် လစာ ဘယ်လောက်ပိုပေးမယ် ပုံစံမျိုးပေါ့။ အခုက ဝန်ထမ်းတစ်ယောက်ကို ပေးတဲ့လစာနဲ့ မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းနဲ့တော့ ဘာမှ အဆင်မပြေဖြစ်နေတယ်။ ဝန်ထမ်းတွေဘက်က ကြည့်ရင်လည်း စားဝတ်နေရေး မဖူလုံတဲ့အခါ ဘယ်လောက်ပဲ မြတ်ဆရာလို့ပြောပြော ဝမ်းမဝတော့ ကိုယ်ပေးဆပ်အနစ်နာခံမှုတွေက အဆင်မပြေဖြစ်တယ်” ဟု ၎င်းကပြောသည်။

လက်ရှိ ဝေးလံခေါင်ဖျားဒေသများတွင် အစိုးရခန့် ဆရာ၊ ဆရာမ လိုအပ်ချက်ရှိနေသဖြင့် ပြင်ပမှ အထက်တန်း အောင်မြင်ထားသူများကို ငှားရမ်းကာ ပညာသင်ကြားနေကြရကြောင်း သိရသည်။

#I014