အမ်းမြို့နယ်အတွင်း ချောင်းရေ၊ မြစ်ရေများ ညစ်ညမ်းမှုဖြစ်ပေါ်နေ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းမှ အမ်းချောင်းဝ၊ သင်္ဘောကွဲပေါက်၊ ကျွဲချပေါက်၊ သံဇစ်မြစ် စသည့် မြစ်ချောင်းများအတွင်း ရေညစ်ညမ်းမှုများဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။

By အောင်ကောင်းဇော် 27 Jul 2020

(ဓာတ်ပုံ - ကိုမျိုးလွင်)

အောင်ကောင်းဇော် | DMG
ဇူလိုင် ၂၇ ၊ အမ်း

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းမှ အမ်းချောင်းဝ၊ သင်္ဘောကွဲပေါက်၊ ကျွဲချပေါက်၊ သံဇစ်မြစ် စသည့် မြစ်ချောင်းများအတွင်း ရေညစ်ညမ်းမှုများဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။

အမ်းချောင်းဝအတွင်း ငါးမိုင်ခန့်အရှည်ရှိသည့် ရေညစ်ညမ်းမှုများ ဖြစ်ပေါ်နေသည်ကို ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့က စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကျန်သည့်နေရာများသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ရေညစ်ညမ်းမှုများ ဖြစ်ပေါ်နေခြင်းဖြစ်ပေါ်နေသည်ကို တွေ့ရကြောင်း အမ်းမြို့နယ် ပိုက်လိုင်းရေးရာစောင့်ကြည့်ရေးအဖွဲ့မှ ကိုမျိုးလွင်က ဆိုသည်။

“အမ်းချောင်းဝမှာတော့ ရေတွေက သိသိသာသာ မဲနက်နေတယ်၊ ကျန်တဲ့နေရာတွေကတော့ အရမ်းကြီး မသိသာဘူး။ ဒါပေမယ့် ပုံမှန်မဟုတ်ဘဲ ရေတွေက အရောင်ညစ်နေတယ်။ ပြီးတော့တူတာတစ်ခုက အဲ့နေရာတွေ အကုန်လုံးက ရေလုပ်သားတွေ ငါး၊ပုဇွန်မရတာချင်း တူနေတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါနေရာများတွင် ရှာဖွေစားသောက်နေကြသည့် ရေလုပ်သားများမှာ ယခုကဲ့သို့ ရေထုညစ်ညမ်းမှု မဖြစ်ပွားမီ တစ်လခန့်ကတည်းကပင် သားငါးပုဇွန်များ ရရှိမှုနည်းပါးနေခဲ့သည်ဟု ဒေသခံများထံမှ သိရကြောင်း ကိုမျိုးလွင်က ဆက်ပြောသည်။

မဒေးကျွန်းအနီးတွင် ရေထုညစ်ညမ်းမှုဖြစ်ပွားသည်မှာ ယခုတစ်ကြိမ်နှင့်ဆိုလျှင် သုံးကြိမ်ရှိနေပြီဖြစ်ကာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင်လည်း ယခုကဲ့သို့ ရေထုညစ်ညမ်းမှုများ ဖြစ်ပွားခဲ့သည်။

“ပြီးခဲ့တဲ့နှစ်တွေတုန်းက ရေထုညစ်ညမ်းမှုပြီးတော့ ရေအောက်မှာနေတဲ့ ကမာကောင်တွေတောင် သေကုန်တာကို ကျနော်တို့ ရေအောက်ကင်မရာတွေနဲ့ မှတ်တမ်းတင်နိုင်ခဲ့တယ်။ ဒီကိစ္စကို အစိုးရအနေနဲ့ တိကျတဲ့ အဖြေတစ်ခု ထုတ်ဖို့လိုလိမ့်မယ်။ ဒီရေပြင်ကို မှီခိုပြီး ရှာစားနေရတဲ့သူတွေလည်း ရှိသေးတယ်” ဟု ကိုမျိုးလွင်က ဆိုသည်။

ထိုသို့ ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်နေသည့်ကိစ္စအား သတင်းမရရှိသေးသဖြင့် သတင်းရသည့်အခါ ပြန်လည်ဆက်သွယ်ပေးမည်ဟု အမ်းမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်ထွန်းက ဆိုသည်။

“ကျနော်တို့မှာက နယ်မြေအခြေနေအရ ခရီးထွက်လို့မရတဲ့အတွက် သတင်းရရှိမှုပိုင်းမှာ အားနည်းချက်တွေ ရှိပါတယ်” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တွင်လည်း သံဇစ်မြစ်အတွင်း ရေထုညစ်ညမ်းမှုဖြစ်ပွားခဲ့ပြီး ငါးပုဇွန်များ သေဆုံးမှုဖြစ်ပွားခဲ့ကာ ရေလုပ်သားများတွင်လည်း အရေပြားရောဂါ ခံစားခဲ့ရသဖြင့် ယခုတစ်ကြိမ်တွင်လည်း ထိုသို့ ထပ်မံဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။