စစ်ကောင်စီ ပြည်သူ့လုံခြုံရေးအဖွဲ့တွင် ပါဝင်သူများကို အရေးယူမည်ဟု မွန်ပြည်သစ်ပါတီ သတိပေး 

NMSP-AD ၏ သက်ဆိုင်သည့် မြို့နယ်ဒေသ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များကို စစ်ကောင်စီအတွက် လူစုဆောင်းပေးခြင်း မပြုလုပ်ရန်၊ ညွှန်ကြားချက်ကို မလိုက်နာပါက ပြတ်ပြတ်သားသား အရေးယူသွားမည်ဟု ဆိုထားသည်။

By Admin 29 Aug 2024

ပုံစာ - မွန်ပြည်သစ်ပါတီ AD တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ ဓာတ်ပုံ - NMSP - AD
ပုံစာ - မွန်ပြည်သစ်ပါတီ AD တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ ဓာတ်ပုံ - NMSP - AD

DMG ၊ ဩဂုတ် ၂၉

စစ်ကောင်စီက အကောင်အထည်ဖော်နေသည့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအစီအစဉ်တွင် ပူးပေါင်းပါဝင်သူများကို အရေးယူသွားမည်ဟု မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) (NMSP-AD) က ဩဂုတ် ၂၉ ရက်တွင် ထုတ်ပြန်သည်။ 

စစ်ကောင်စီ၏အစီအစဉ်ကို ဆန့်ကျင်တိုက်ဖျက်ရန်အတွက် မွန်ပြည်သစ်ပါတီ(AD) ၏ အမိန့်ညွှန်ကြားစာတွင် ရေးသားထားခြင်းဖြစ်သည်။ 

NMSP-AD ၏ သက်ဆိုင်သည့် မြို့နယ်ဒေသ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် စစ်ကောင်စီအတွက် လူစုဆောင်းပေးခြင်း မပြုလုပ်ရန်၊ ညွှန်ကြားချက်ကို မလိုက်နာပါက ပြတ်ပြတ်သားသား အရေးယူသွားမည်ဟု ဆိုထားသည်။

ကျိုက်မရော၊ ကော့ကရိတ်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ရေဖြူစသည့်မြို့နယ်တို့သည် မွန်ပြည်သစ်ပါတီ (AD) မှ လှုပ်ရှားနေသည့် နယ်မြေများဖြစ်သည်။ 

စစ်ကောင်စီသည် ဩဂုတ် ၁၆ ရက်တွင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ 

စစ်ကောင်စီသည် ရပ်/ကျေးနှင့် မြို့နယ်အဆင့်တွင် အကောင်အထည်ဖော်ရန် အသက် ၃၅ နှစ်မှ ၆၅ နှစ်ကြား  ပြည်သူများကို လိုက်လံစုဆောင်းနေသည်ကို တွေ့ရှိရကြောင်း မွန်ပြည်သစ်ပါတီ (AD) က ထုတ်ပြန်ထားသည်။ 

နိုင်ငံအနှံ့တွင် အဖက်ဖက်မှ တိုက်ခိုက်ခံနေရသည့် စစ်ကောင်စီသည် တပ်သားများထွက်ပြေးမှု၊ လက်နက်ချ အညံ့ခံမှုများနှင့် တပ်စခန်းများ သိမ်းပိုက်ခံနေရမှုကြောင့် အင်အားလျော့နည်းလာနေ၍ အင်အားဖြည့်တင်းရန် လုပ်ဆောင်နေခြင်းဖြစ်ဟု ဆိုသည်။ 

မွန်ပြည်သစ်ပါတီ (AD) သည် တော်လှန်ရေးအင်အားစုများနှင့်အတူ စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေသည့် အဖွဲ့ဖြစ်သည်။