လုံခြုံရေးအခြေနေကြောင့် AA ထိန်းချုပ်ဒေသများတွင် စာသင်ကျောင်းများ မဖွင့်နိုင်သေး 

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသည့် မြို့နယ်များတွင် လုံခြုံရေးအခြေအနေကြောင့် အခြေခံပညာ စာသင်ကျောင်းများဖွင့်လှစ်ရန် အခက်အခဲရှိနေသေးကြောင်း ပြောခွင့်ရသူ ဦးခိုင်သုခက ပြောသည်။

By Admin 08 Jun 2024

ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းဒေသက စာသင်ကျောင်းတစ်ကျောင်းကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလက တွေ့ရစဉ်။
ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းဒေသက စာသင်ကျောင်းတစ်ကျောင်းကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလက တွေ့ရစဉ်။

DMG ၊ ဇွန်၈  

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသည့် မြို့နယ်များတွင် လုံခြုံရေးအခြေအနေကြောင့် အခြေခံပညာ စာသင်ကျောင်းများဖွင့်လှစ်ရန် အခက်အခဲရှိနေသေးကြောင်း ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA) ပြောခွင့်ရသူ ဦးခိုင်သုခက ပြောသည်။

ယနေ့ ဇွန်လ ၈ ရက် နဝမအကြိမ်မြောက် အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

“လက်ရှိ မြေပြင်အနေထားနဲ့ စစ်ဖြစ်နေတဲ့နေရာတွေဟာ လုံခြုံမှုမရှိတဲ့ အနေအထားကြောင့် အခုကာလမှာ ပညာရေးထက် အသက်အန္တရာယ်က ပိုလို့ အရေးကြီးတယ်။ အသက်လောက်အရေးကြီးတာ ဘာမှမရှိဘူး။ ပြည်သူလူထုရဲ့ ပညာရေးကို တန်ဖိုးထားတယ်ဆိုရင်လည်း စစ်ကောင်စီဟာ အခုအချိန်မှာ တစ်နိုင်ငံလုံးကို ပတ်ပြီး ဗုံးကြဲတာတွေ၊ ဒရုန်းကို အများကြီးအသုံးပြုလာပြီး ပစ်ခတ်တိုက်ခိုက်မှု အများကြီးလုပ်လာတဲ့အတွက် အရပ်သားသေဆုံးမှုဟာ တိုးလာနေတယ်” ဟု DMG သတင်းဌာန၏ မေးမြန်းမှုကို  ဦးခိုင်သုခက ဖြေဆိုခဲ့သည်။ 

အာရက္ခတပ်တော်(AA) သည် တိုက်ပွဲကာလ ၆ လအတွင်း ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲ နှင့် ပလက်ဝ ဒေသတို့ကို သိမ်းပိုက်ထားသည်။

ယင်းမြို့နယ်များရှိ အရပ်သားနေထိုင်ရာ မြို့ရွာ၊ ဆေးရုံဆေးခန်း၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံ စသည်တို့ကို စစ်ကောင်စီက လေကြောင်းဗုံးတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေ၍ အရပ်သားထိခိုက်သေဆုံးမှု နေ့စဉ်တိုးလာနေသည်။  

ဦးခိုင်သုခက “လုံခြုံမှုမရှိတဲ့ အနေထားဖြစ်တဲ့အတွက် ကျနော်တို့အနေနဲ့ ပြည်သူလူထုရဲ့ အသက်အန္တရာယ်ကို ပိုပြီးစိုးရိမ်တဲ့အတွက်ကြောင့် ကျောင်းဖွင့်ဖို့ကိစ္စကို ဦးစားပေးအဆင့်မှာထားဖို့က လက်ရှိအခြေနေမှာ အခက်အခဲ ရှိပါတယ်။ ကျောင်းဖွင့်မယ်ဆိုရင်လည်း ပညာရေးဝန်ထမ်းတွေ လုံလုံလောက်လောက်ရှိတဲ့ အနေအထား၊ ULA ဘက်က ပညာရေးမူဝါဒတွေ ရှိပြီးသားဖြစ်တဲ့အတွက် တချို့မူဝါဒတွေက အကောင်အထည်ဖော်ဖို့အတွက် လုံလောက်တဲ့ အချိန်တစ်ခု လိုအပ်ပါသေးတယ်” ဟု ပြောသည်။ 

စစ်ကောင်စီနှင့် AA စစ်ရေးပြင်းထန်နေသည့် ရခိုင်ဒေသတွင် စစ်တွေ၊ ကျောက်ဖြူ၊ အမ်း၊ မောင်တော၊ တောင်ကုတ်၊ ဂွ၊ မာန်အောင် မြို့နယ်တို့ရှိ အခြေခံစာသင်ကျောင်းများကို စစ်ကောင်စီက ဇွန်လ ၃ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ 

စာသင်ကျောင်းများ ဖွင့်လှစ်ထားသော်လည်း ကျောင်းသားမိဘများမှာ သားသမီးများအား စိုးရိမ်ပူပန်နေကြသည်။ 

“စစ်ပွဲက ဘယ်အချိန်ဖြစ်လာမလဲ မသိဘူး။ မတက်မနေရဆိုလို့ ကျောင်းအပ်လိုက်ရတယ်။ သားသမီးတွေကလည်း အရင်လိုမဟုတ်ဘဲ ကျောင်းသွားရမှာကို ကြောက်လန့်နေကြတယ်” ဟု စစ်တွေမြို့မှ ကျောင်းသားမိခင်တစ်ဦးက ပြောသည်။ 

ရခိုင်တွင် အခြေခံပညာစာသင်ကျောင်းပေါင်း ၃,၂၀၀ နီးပါးရှိပြီး AA ထိန်းချုပ်မြို့နယ်များရှိ စာသင်ကျောင်းများကို လုံခြုံရေးအခြေအနေအရ ပိတ်ထားရခြင်း ဖြစ်သည်။

ဗီဒီယိုများ