ရခိုင်တွင် ပြည်မမှဝင်ရောက်သည့်ကုန်ပစ္စည်းများ ဈေးမြင့်တက်လျက်ရှိ

ရခိုင်ပြည်နယ်အတွင်းသို့ ပြည်မမှဝင်ရောက်လာသည့်ကုန်ပစ္စည်းများမှာ ၅၀ ရာခိုင်နှုန်းအထိ ဈေးမြင့်တက် လျက်ရှိနေကြောင်း ရခိုင်စီးပွားရေးဦးဆောင် အများနှင့်သက်ဆိုင်သောကုမ္ပဏီ (REIC) ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ကြီးက ပြောသည်။

07 Apr 2021

DMG ၊ ဧပြီ ၇

ရခိုင်ပြည်နယ်အတွင်းသို့ ပြည်မမှဝင်ရောက်လာသည့်ကုန်ပစ္စည်းများမှာ ၅၀ ရာခိုင်နှုန်းအထိ ဈေးမြင့်တက် လျက်ရှိနေကြောင်း ရခိုင်စီးပွားရေးဦးဆောင် အများနှင့်သက်ဆိုင်သောကုမ္ပဏီ (REIC) ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ကြီးက ပြောသည်။

လက်ရှိ နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများနှင့် ကုန်ပစ္စည်းများ သယ်ယူ ရာတွင် ကြန့်ကြာမှုများရှိကာ ယင်းသို့ဈေးမြင့်တက်လာခြင်းဖြစ်ကြောင်း ဆိုသည်။

“ကုန်ပစ္စည်းဈေးနှုန်းအပိုင်းမှာကတော့ နှစ်မျိုးရှိတယ်။ မိမိဒေသထွက်တဲ့ စားသုံးကုန်တွေကတော့ အရင်နဲ့ ဆာရင် ၃၀ ရာခိုင်နှုန်း မြင့်တက်သွားတယ်။ နောက်ပြီးတော့ လူသုံးကုန်ပစ္စည်းတွေကတော့ ၅၀% အထက် မြင့်တက် နေတယ်” ဟု ဦးခင်မောင်ကြီးက ပြောသည်။

ရခိုင်ပြည်နယ်သို့ ရန်ကုန်နှင့် မန္တလေးမှ အဓိကတင်သွင်းနေသည့် အိမ်ဆောက်ပစ္စည်းများမှာလည်း ယခင် နှစ်ကထက် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ဈေးနှုန်းမြင့်တက်နေကြောင်းလည်း အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များမှ သိရသည်။

ယခင်က (စိန်)တံဆိပ် ဘိလပ်မြေတစ်အိတ်ကို ငွေကျပ် ရ၅၀၀ ရှိခဲ့ရာမှ လက်ရှိတွင် ငွေကျပ် ၉၅၀၀ အထိ ဈေးနှုန်းမြင့်တက်နေကာ (ဆင်)တံဆိပ် ဘိလပ်မြေတစ်အိတ်ကို ယခင်ကငွေကျပ် ရ၀၀၀ ခန့်ရှိခဲ့ရာမှ လက်ရှိမှာ ငွေကျပ် ၉၀၀၀ အထိ ဈေးမြင့်တက်နေခြင်းဖြစ်သည်။ ယခင်က သံတစ်တန်ကို ငွေကျပ် ၆ သိန်းနှင့် ၇ သိန်း ကြားရှိခဲ့သော်လည်း လက်ရှိတွင် ငွေကျပ် ၈ သိန်းကျော်အထိ ဈေးနှုန်းမြင့်တက်နေကြောင်း အိမ်ဆောက် ပစ္စည်း အရောင်းဆိုင်ရှင်များက ဆိုသည်။

စစ်တွေမြို့မဈေးတွင် ကုန်စုံဆိုင်ရောင်းချနေသည့် ကိုမောင်လှသိန်းကလည်း ဆေးလိပ်၊ ဆီ၊ ငရုတ်စသော လူသုံးကုန်ပစ္စည်းများမှာ ယခင်ကထက် ဈေးမြင့်တက်နေကြောင်းပြောသည်။

“ဟင်းသီး၊ ဟင်းရွက်တွေကတော့ ဈေးသိပ်မတက်ဘူး။ ဒါပေမဲ့ ရန်ကုန်လာတဲ့ကုန်ပစ္စည်းတွေကတော့ အရင်ထက်ဈေးတက်သွားတယ်။ နောက်ပြီးတော့ အဲဒီမှာဆူနေတော့ ကုန်ပစ္စည်းတွေ မှာယူရတာလဲ သိပ်အဆင်မပြေဘူး၊ အခက်အခဲတွေရှိတယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်သည် ပြည်မမှတင်ပို့သော ကုန်ပစ္စည်းများ၏ ၈၀ ရာခိုင်နှုန်းကျော်ကိုမှီခိုနေရပြီး လက်ရှိတွင် ကုန်သွယ်ရေးလမ်းကြောင်းများ နှေးကွေးနေသည့်အတွက် အချို့သောကုန်ပစ္စည်းများမှာ လိုသလောက် မှာယူ၍မရတော့ကြောင်း ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးက မကြာသေးမီက DMG သို့ ပြောဆိုထားသည်။

ယခုကဲ့သို့ ကုန်စည်နှုန်းမြင့်တက်မှု တာရှည်ဖြစ်ပေါ်လာပါက အကျပ်အတည်းများဖြစ်လာနိုင်ပြီး ကုန်ပစ္စည်း ရှားပါးလာခြင်းနှင့် ကုန်စည်ပြတ်လပ်မှုများဖြစ်လာနိုင်ကြောင်း ဦးခင်မောင်ကြီးကဆိုသည်။

“ဒီကိစ္စတွေကိုဖြေရှင်းမယ်ဆိုရင် လက်ရှိမှာတော့ အစိုးရကိုအားကိုးလို့လည်းမရဘူး။ ဒီပြသာနာတွေ အမြင် ရှိတဲ့ စီးပွားရေးသမားတွေကစွန့်စွန့်စားစားနဲ့လုပ်မှဖြစ်နိုင်မယ်။ ပစ္စည်းတွေသယ်ယူတဲ့အခါ လျှင်မြန်အောင် အရင်က ကုန်လမ်းကယူနေတဲ့ပစ္စည်းတွေကို ရေလမ်းကယူပြီးတော့ပို့ဆောင်ပေးပြီးတော့ ဆောင်ရွက်မှ ဒီပြသာနာတွေကိုဖြေရှင်းနိုင်မယ်လို့မြင်တယ်” ဟု ၎င်းက သုံးသပ်ပြောဆိုသည်။