စစ်တွေ ပါဒလိတ်ကျေးရွာက နေအိမ်များကို ဖြိုဖျက်ပြီး စစ်ကောင်စီ စစ်ပြင်

စစ်ကောင်စီတပ်ရင်းအနီးရှိ နေအိမ်များနှင့်  မြစ်ကမ်းစပ်ရှိနေအိမ်အချို့ကို ဖြိုဖျက်စီးပြီး အဆိုပါ နေရာများတွင် ကတုတ်ကျင်းတူးခြင်း၊ ဘန်ကာများတည်ဆောက်ခြင်းစသည့် ခံစစ်ပြင်ဆင်မှုများကို ပြုလုပ်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

By Admin 14 Jan 2025

ပုံစာ- စစ်တွေမြို့နယ်၊ ပါဒလိတ်ကျေးရွာအား ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းက တွေ့ရစဉ်။
ပုံစာ- စစ်တွေမြို့နယ်၊ ပါဒလိတ်ကျေးရွာအား ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းက တွေ့ရစဉ်။

DMG ၊ ဇန်နဝါရီ ၁၄

စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည် စစ်တွေမြို့နယ်၊ ပါဒလိတ်ကျေးရွာမှ အရပ်သားနေအိမ်အချို့ကိုဖြိုဖျက်ပြီး စစ်ကောင်စီက ခံစစ်ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်ရင်းအနီးရှိ နေအိမ်များနှင့်  မြစ်ကမ်းစပ်ရှိနေအိမ်အချို့ကို ဖြိုဖျက်စီးပြီး အဆိုပါ နေရာများတွင် ကတုတ်ကျင်းတူးခြင်း၊ ဘန်ကာများတည်ဆောက်ခြင်းစသည့် ခံစစ်ပြင်ဆင်မှုများကို ပြုလုပ်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

မြေပြင်အခြေအနေကိုသိရှိသူ ပါဒလိတ်ကျေးရွာသားတစ်ဦးက “ရွာမှာတော့ စစ်တပ်အနီးက အိမ်တွေနဲ့ မြစ်ကမ်းစပ် အိမ်တချို့ စစ်ကောင်စီက ဖျက်ဆီးထားတယ်လို့ သိရတယ်။ အရေအတွက် ဘယ်လောက်လဲ တော့ မသိရသေးဘူး။ စစ်ကောင်စီက ရွာသားတွေအကုန်လုံးကို နိုဝင်ဘာလကတည်းက နှင်ထုတ်ပြီးတော့ စစ်ကောင်စီတပ်တွေ  ကျေးရွာအတွင်းမှာ တပ်စွဲထားတာရှိတယ်။ ရွာသားတွေကတော့  ရွာကိုသွားခွင့်မရဘူး။ အကုန်လုံး စစ်ရှောင်နေကြရတာ” ဟုပြောသည်။

စစ်ကောင်စီသည် ပါဒလိတ်ကျေးရွာသားများကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှစ၍ ကျေးရွာမှ အတင်းနှင်ထုတ်ပြီး စစ်တွေမြို့ပေါ်သို့ ရွေ့ပြောင်းထားခြင်းဖြစ်သည်။

ပါဒလိတ်ကျေးရွာသည် အာရက္ခတပ်တော် သိမ်းပိုက်ထားသည့် ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းနှင့်နီးသဖြင့် မြစ်ကမ်းနားတစ်ဝိုက်တွင် ကတုတ်ကျင်းများ၊ ဘန်ကာများတည်ဆောက်ထားပြီး ခံစစ်ပြင်ဆင်ထားခြင်းဟု ကျေးရွာသားများ၏ ပြောကြားချက်အရ သိရသည်။

ပါဒလိတ်ကျေးရွာတွင် စစ်ကောင်စီ၏  ခမရ ၂၃၂၊ ခမရ ၃၄၄ တပ်ရင်း အခြေစိုက်ထားပြီး လက်ရှိတွင် အဆိုပါ တပ်ရင်းများက ရသေ့တောင်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့ရှိ ကျေးရွာများကို နေ့စဉ် လက်နက်ကြီး ပစ်ခတ်မှုများပြုလုပ်လျက်ရှိသည်။

“ပါဒလိတ်မှာက စစ်ကောင်စီက အင်အားတွေဖြည့်တင်းမှု ပြုလုပ်ထားတာရှိတယ်။ အဲဒီရွာက ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်တို့အကြား ဗျူဟာကျတဲ့ကျေးရွာဖြစ်တော့ စစ်ကောင်စီက အင်အားတွေတိုးပြီး ခံစစ် ပြင်နေတာ။ အဲဒီမှာရှိတဲ့ တပ်တွေကလည်း ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တို့ကို နေ့တိုင်းလိုလို လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခတ်မှုတွေ ရှိနေပြီးတော့ အရပ်သားထိခိုက် သေဆုံးမှုတွေလည်း ရှိနေကြ တယ်” ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ပါဒလိတ်ကျေးရွာမှ နေအိမ်များအား ဖျက်စီးမှုနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရသူ ဦးလှသိန်း DMG က ဆက်သွယ်မေးမြန်ရန် ကြိုးစားခဲ့သော်လည်း အဆင်မပြေခဲ့ပေ။

ပါဒလိတ်ကျေးရွာသည် အိမ်ခြေ ၅၀၀ ကျော်ခန့်ရှိပြီး ရပ်ကွက် ၄ ခုဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် စံပြကျေး ရွာတစ်ခုလည်းဖြစ်သည်။

ရခိုင်တိုက်ပွဲတစ်နှစ်ကျော်အတွင်း အာရက္ခတပ်တော်က ချင်းပြည်နယ်၊ ပလက်ဝနှင့် ရခိုင်က မြို့နယ် ၁၄ ခုအထိ သိမ်းပိုက်ထားပြီး စစ်တွေ၊ ကျောက် ဖြူနှင့် မာန်အောင်မြို့နယ် ၃ ခုကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်တော့သည်။

လက်ရှိတွင် စစ်ကောင်စီက အဆိုပါမြို့နယ်များတွင် အင်အားဖြည့်တင်းပြီး ခံစစ်ပြင်ဆင်နေခြင်းဖြစ်သည်။